Home
မြန်မာသတင်း
ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိစေရေး ပြည်ပမှ ရွှေတင်သွင်းမည်
DVB
·
May 4, 2022

မြန်မာပြည်တွင်းဈေးကွက်အတွင်း ရွှေကုန်ကြမ်းပြတ်လပ်မှု မရှိအောင် ပြည်ပကနေ ရွှေတင်သွင်းဖို့ ဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA) က ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဒီကနေ့ မေလ ၄ ရက် မနက်ပိုင်း အသင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ ဗဟိုဘဏ်ကို ရွှေရောင်းချပေးရေး တင်ပြဖို့ကိစ္စ အပါအဝင် ဆုံးဖြတ်ချက် ငါးချက်ကို ချမှတ်ခဲ့တယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ရွှေဆိုင်နဲ့ ရွှေကုန်သည်တွေက ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ သတ်မှတ်ဈေးနှုန်းကို ၅,၀၀၀ ကျပ် ပေါင်းထည့်ပြီး ရလာတဲ့ဈေးနှုန်းနဲ့ အရောင်းအဝယ်ပြုလုပ်ဖို့၊ ရွှေတွင်းလိုင်စင်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ပြီး ရွှေဝယ်ယူမှု ဆောင်ရွက်ဖို့နဲ့ နယ်စပ်ဖြတ်ကျော် ရောင်းဝယ်မှုတွေမှာ တိုင်းနဲ့ ပြည်နယ်အသင်းတွေနဲ့ ဆက်သွယ်ပြီး တားဆီးဆောက်ရွက်ဖို့ စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။

အခုလို စစ်ကောင်စီနဲ့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) တို့က ရွှေဈေးနှုန်း ကျဆင်းတည်ငြိမ်ဖို့ ကြိုးပမ်းနေပေမဲ့ လက်တွေ့ ရွှေဈေးကွက်မှာတော့ အခေါက်ရွှေ အရောင်းအဝယ် ရပ်တန့်နေပါတယ်။

"ဈေးကတော့ သူတို့ကြိုက်သလို သတ်မှတ်နေတာ၊ လေဈေးပဲ။ အဲ့ဈေးနဲ့ အပြင်မှာ ဘယ်ရွှေဆိုင်မှ မရောင်းဘူး။ တချို့ဆိုင်တွေဆိုရင် အခေါက်ရွှေကို လုံးဝကို မရောင်းကြတော့တာ" လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

ဒီနေ့မှာ ရန်ကုန်တိုင်း ရွှေအသင်းရဲ့ သတ်မှတ်ရွှေဈေးနှုန်းက တကျပ်သားကို ကျပ် ၁,၉၈၉,၃၀၀ ဖြစ်ပြီး ဈေးထပ်မံကျဆင်းခဲ့ပေမဲ့ အဲဒီဈေးနဲ့ ပြင်ပရွှေဆိုင်တွေမှာ အရောင်းအဝယ် ပြုလုပ်ခြင်း မရှိပါဘူး။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်း ၁ ဒေါ်လာကို မြန်မာငွေ ၁,၈၅၃ ကျပ် ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ သတ်မှတ်ပြီးနောက် အဲဒီနှုန်းထားနဲ့အညီ ပြည်တွင်းရွှေဈေးကွက်ကို ဖွင့်လှစ်ရောင်းချနိုင်ဖို့ စစ်ကောင်စီက လုပ်ဆောင်လာခဲ့တာပါ။

ရွှေဈေးနှုန်းကို ထိန်းချုပ်ဖို့ ကြိုးစားနေပေမဲ့ ဈေးကွက်ပေါက်ဈေးနဲ့ သတ်မှတ်ဈေး ကွာဟချက် ကြီးနေတာကြောင့် အခုအချိန်ထိ အဲဒီသတ်မှတ်ဈေးနဲ့ ရောင်းချနိုင်ခြင်း မရှိသေးဘူးလို့ လုပ်ငန်းရှင်တွေထံက သိရပါတယ်။

လုပ်ငန်းရှင်တဦးက “ဈေးကွက်အဖွင့်ဈေးကို သူတို့ ဖြစ်စေချင်တဲ့အတိုင်း သတ်မှတ်ကြတယ်လေ။ ကုန်သည်တွေကကျ အဲဒီဈေးနဲ့ အရောင်းအဝယ် မလုပ်နိုင်ကြဘူး။ အခုဆိုရင် ဈေးကွက်မှာ အရောင်းအဝယ်မရှိ ဖြစ်နေတာ ကြာပြီ” လို့ ပြောပါတယ်။

ဧပြီ ၈ ရက်က ဗဟိုဘဏ် သတ်မှတ်ငွေလဲနှုန်းနဲ့ တွက်ချက်ပြီး ရွှေအရောင်းအဝယ် ပြုလုပ်မယ်လို့ ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ပြီးနောက် မြန်မာ့ရွှေဈေးကွက် ကမောက်ကမ ဖြစ်နေခဲ့တာ အခုချိန်ထိပါ။

ရွှေဈေးအတက်အကျ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ပြင်ပရွှေဆိုင်တွေ အနေနဲ့လည်း ဈေးသတ်မှတ်ဖို့ ခက်ခဲလာသလို အခေါက်ရွှေ အရောင်းအဝယ်လည်း ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024