ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်က စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဘီးလင်းမြို့နယ် လေးကေ၊ ဝင်းတာပန်၊ မြစ်ကျိုး အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ဟာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြားတိုက်ပွဲတွေဖြစ်နေတာ၊ စစ်ကောင်စီဘက်က ကျေးရွာတွေကို လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ နေရာတွေမှာ ပုန်းခိုနေရပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေအတွက် ဆေးဝါး၊ အစာအစား၊ သောက်ရေသန့်နဲ့ အမိုးအကာ အကူအညီတွေ အရေးပေါ်လိုအပ်နေသလို စစ်ရှောင်ပြည်သူတချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်ပွားလာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီလည်း လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတဦးက ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်ကတော့ စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနေပေမဲ့ စစ်ရှောင်ပြည်သူတွေ ပိုမိုများပြားလာတာကြောင့် အပြည့်အဝ ထောက်ပံ့နိုင်ခြင်း မရှိသေးဘူးလို့ ပြောပါတယ်။
ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ လေးကေနဲ့ ဝင်းတာပန်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO က ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက် နောက်ဆုံးထား ဆုတ်ခွာပေးဖို့ သတိပေးစာ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီဘက်က စခန်းမဆုတ်ဘဲ ဆက်လက်နေထိုင်နေတာကြောင့် နှစ်ဖက် စစ်ရေး ပိုမို တင်းမာလာခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ လေးကေကျေးရွာကို ပြီးခဲ့တဲ့ မေ ၁ ရက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လာတာကြောင့် လူနေအိမ် ၉ လုံးနဲ့ ဘုန်ကြီးကျောင်းတကျောင်း မီးလောင်ပျက်စီးခဲ့ပါတယ်။