ဖမ်းဆီးခံ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးနဲ့ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ရှုတ်ချတဲ့အနေနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်မှာ မြန်မာနိုင်ငံသားတွေက မေလ ၁ ရက် ကမ္ဘာ့အလုပ်သမားနေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ၊ "အမေစု ကျန်းမာပါစေ"၊ "နိုင်ငံရေးအကျဉ်းသားတွေ ချက်ချင်းလွှတ်" ၊ "ပြည်သူကို ခြိမ်းခြောက်နေတဲ့ မြန်မာသံရုံး - အလိုမရှိ"စတဲ့ ကြွေးကြော်သံတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံတွေကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
Bright Future အဖွဲ့နဲ့ Internal Rehabilitation Association(RIA) အဖွဲ့တို့က ဦးဆောင်ပြီး ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမား ၅၀၀ လောက်ပူးပေါင်းပါဝင်ကာ ညနေ ၄ နာရီ ကနေ ည ၈ နာရီအထိ ထိုင်းနိုင်ငံရဲ့ ကိုဗစ် စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဆန္ဒပြခဲ့ကြပါတယ်။
သပိတ်ဦးဆောင်သူ တယောက်က “အဓိက စစ်အာဏာရှင်ကိုတိုက်ထုတ်ဖို့အတွက် ဒီပွဲကို လုပ်ဖြစ်တာပါ။ မျှော်လင့်ထားတဲ့ လူဦးရေထက်ပိုပြီးများပြားခဲ့လို့ အရမ်းကိုပီတိဖြစ်မိပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြပွဲမှာပူးပေါင်းပါဝင်ခဲ့သူ ကိုဇင်မင်းက “ ထိုင်းနိုင်ငံပြည်သူတွေဟာ မြန်မာနိုင်ငံက ပြည်သူတွေအတူ ရပ်တည်နေတယ်ဆိုတာ ပြသဖို့ ဒီဆန္ဒပြပွဲကိုလုပ်ဆောင်ခဲ့တာဖြစ်တယ်။ နောက်ထပ်ကျင်းပမယ့် ဆန္ဒပြပွဲမှာလည်း ဒိထက်ပိုအင်အားများတဲ့ သပိတ်မျိုးထပ်လုပ်ဖို့ ရှိသလို အလုပ်သမား အထောက်အထားတွေ အပြည့်အစုံကိုင်ဆောင်ထားတဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်ပါတယ်” လို့ ပြောပါတယ်။
ဆန္ဒပြပွဲမှာ ထိုင်းတက္ကသိုလ်ကျောင်းသားတွေလည်း လာရောက်ပူးပေါင်းခဲ့ကြပြီး ထိုင်း၊ မြန်မာ ၂ ဘာသာနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
ဒီနေ့ မနက် ၈ နာရီလောက်ကလည်း မေဒေးနေ့အထိမ်းအမှတ် ဘန်ကောက်မြို့ရှိ ဒီမိုကရေစီကျောက်တိုင်မှာ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေပူးပေါင်းပြီး လူဦးရေ ၁၀၀၀ ကျော် စုဝေး လမ်းလျှောက် ချီတက်ကာ အလုပ်သမားအခွင့်အရေးရရှိရေး ဆန္ဒပြခဲ့ကြပါတယ်။