တနင်္သာရီတိုင်း ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှာ ဧပြီ ၃၀ ရက် ည ၉ နာရီခွဲလောက်က မူးယစ်ဆေးဝါး (WY စိတ်ကြွဆေးပြား) ရောင်းဝယ်ဖောက်ကားနေသူတွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဝင်ရောက်စီးနင်းစဥ် WY စိတ်ကြွဆေးပြားအလုံးရေ ၄၀၀ ခန့်၊ ဓားမြှောင်တစ်လက်နဲ့ ဂက်စ်သေနတ်တလက်သိမ်းဆည်းရမိခဲ့ပြီး WY စိတ်ကြွဆေးပြားတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်အတွင်း WY စိတ်ကြွဆေးပြား ရောင်းဝယ်သုံးစွဲ တာတွေ ပိုမိုများပြားလာကာ အရင်က WY စိတ်ကြွဆေးပြား တလုံးကို ငွေကျပ် ၅,၀၀၀ လောက်သာရှိပေမဲ့ လက်ရှိမှာ တလုံးကို တစ်ထောင်၊ နှစ်ထောင်နဲ့ လွယ်လွယ်ကူကူ ဝယ်ယူရရှိနိုင်တယ်လို့ သုံးစွဲဖူးသူ လူငယ်တယောက်က ပြောပါတယ်။
လောင်းလုံးဒေသခံ လူငယ်တဦးက “အခုချိန် WY တွေက တလုံးမှ တစ်ထောင်၊ နှစ်ထောင်ပဲပေးရတာ။ တချို့ဆို ပိုက်ဆံနဲ့မဝယ်ဘဲ အလကားတောင် သုံးလို့ ရနေတာ။ ဒီအတိုင်းသာဆို လူငယ်တွေ လူညွန့်တုံးကုန်မှာ သေချာတယ်” လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်အတွင်း လောင်းကစားဒိုင်တွေ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသူ တွေဟာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ပိုက်ဆံပေးပြီး ပေါ်ပေါ်ထင်ထင် ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်နေသူတွေဟာ စစ်ကောင်စီရဲ့ အသုံးချခံတွေဖြစ်ပြီး ဆက်လက်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေ ပြုလုပ်နေပါက အမြစ်ပြတ်ချေမှုန်းမယ်လို့ ထုတ်ပြန်ထားပါတယ်။