Home
ဆောင်းပါး
မြေမျိုခံရတော့မည့် ကြင်စိုး
DVB
·
May 1, 2022

မနှစ်က နွေဦးကတည်းက အဝတ်အစားလေး သုံးလေးစုံကို ကောက်ထည့်ပြီး ရုတ်တရက်ကြီး ယာယီခရီး ထထွက်လာခဲ့ရတဲ့ ဖေကြီးဟာ မိုင်တွေ ရာပေါင်းများစွာ ရှိပါပြီ။ ဟိုမြို့ဖြတ် သည်ရွာကျော်ခဲ့တဲ့ ခြေရာတွေဟာလည်း သိန်းသန်းကုဋေကုဋာ ရှိခဲ့ပြီပေါ့ခင်ဗျာ။

တခါမှ မရောက်ဖူးခဲ့တဲ့ ရွာစဉ်ရွာဆက် အတော်များများမှာ သွေးရင်းသားရင်းတွေလို ခိုနားခွင့်၊ စားသောက်ခွင့်တွေ ရခဲ့တဲ့အခါ "ခင်ရာဆွေမျိုး" ဆိုတာကို လက်တွေ့ခံစား သိရှိခဲ့ရပါတော့တယ်။ စောင့်ရှောက်ခဲ့ကြသူ မိတ်ဆွေသစ်များ အားလုံးရဲ့ ကျေးဇူးကို ဘဝတသက်တာ သတိရ လွမ်းဆွတ်နေမှာပါ။

ဒီနေ့လည်း အနေကြာလာပြီဖြစ်တဲ့ ရွာလေးထဲမှာ ဖြတ်လျှောက်လာရင်း အဘဦးထွန်းခင်တို့ အိမ်ဝိုင်းရှေ့နား အရောက်မှာ အိမ်ထဲက သီချင်းဆိုနေသံကို ကြားလိုက်ရပါတယ်။

“...နေရောင်မဖြာတဲ့ လမ်းကလေးအတွင်းမယ်… ချစ်သူလေးရဲ့ အိမ်… ပါ… ရွှေတောင်ကြား… အား… ဟာ…”

ပြီးတော့ လှမ်းခေါ်သံကို ကြားလိုက်ရပါတယ်။ အသံက အိမ်ရှင် အဘဦးထွန်းခင်ရဲ့ အသံတော့ မဟုတ်ပါဘူး။ အဘစောမူးသာရဲ့ ကွမ်းအပြည့်နဲ့ အသံကြီးပါ ခင်ဗျ။

“ဝင်ပါအုံး ဖေကြီးရ…”

"လာ … လာ … ဖေ ကြီး …”

အဘစောမူးသာရဲ့ ‘ခပ်သွက်သွက်’ အသံနဲ့ အဘထွန်းခင်ရဲ့ ‘ခပ်လေးလေး’ အသံခင်ဗျ။

လေးဆို အဘထွန်းခင်က လေဖြတ်ရာကနေ ပြန်ကုထားရတာ၊ ပြန်ကုနေရတာ၊ နဂိုအနေအထားအထိတော့ မရောက်ရှိသေးပါဘူး။ သူတို့နှစ်ဦးက အမဲလိုက်ဘက် ငယ်ပေါင်းတွေ။

“လာဟ … လက်ဖက်ရည်ကြမ်း ခါးခါး”

“လုပ်ပါအုံး အဘစောမူးသာရာ … လက်ဖက်ရည်ကြမ်းကို အဘသီချင်းနဲ့ မြည်းမယ်”

"ဟားဟား ဟားဟား ဟားဟား"

"ခုနက ကြားလိုက်တဲ့သီချင်းက 'ပလေးဘွိုင်းသန်းနိုင်' ရဲ့ သီချင်းမဟုတ်လား"

"ဟုတ်ပါသကွ … ဖေကြီးရ"

"ဒါနဲ့ ဘယ်လိုခံစားချက်နဲ့ ဟစ်နေတာလဲ"

"ဟဲဟဲ ဟဲဟဲ ဟဲဟဲ … ငါရယ် ထွန်းခင်ရယ် ရန်ကုန်မှာ ခြံဝယ်ကြမလို့ကွ"

"ဘယ်နေရာမှာ ဝယ်ကြမှာလဲအဘ"

"ရွှေတောင်ကြားတို့ အင်းလျားလမ်းတို့မှာပေါ့ကွ ဖေကြီးရ"

"ရန်ကုန်မှာ 'ရန်' မကုန်သေးဘူးလေဗျာ"

"ဘာပဲဖြစ်ဖြစ် အခု လာမယ့်လမှာ ဝယ်ကြမှာပါတဲ့ဗျား၊ ဟားဟားဟားဟားဟားဟား"

"ဟုတ်တယ်ကွ … ဖေ ကြီး ရ"

အဘစောမူးသာကော အဘထွန်းခင်ပါ ရွှင်လန်းတက်ကြွ အားရနေကြပုံပါခင်ဗျ။

"အဲသည်နေရာတွေက ရန်ကုန်မြို့ရဲ့ အသည်းနှလုံးနေရာတွေပဲ။ ဈေးတွေကလည်း ခေါင်ခိုက်နေတာ"

"ဘာပဲဖြစ်ဖြစ်ကွာ … တဦးတည်းမနိုင်ရင် လေးငါးဆယ်ဦး၊ လေးငါးဆယ်ဦးမနိုင်ရင် လူလေးငါးဆယ်၊ လူလေးငါးရာ စုပေါင်းပြီးကို ရအောင်ဝယ်ကြမှာကွ … အာဟ"

ပြီးတော့ အဘစောမူးသာက တီဗွီပေါ်ကိုကြည့်ကာ သီချင်းဆက်ဆိုနေပြန်ပါတယ်။

"အင်မတန်လည်း အလှရိပ်တို့ခြယ် … တော်တန်ရုံ ရောက်ဖို့ခက်ပါတယ် … ရွှေတောင်ကြား အား . . ဟာ … ကိုယ်သွားမယ် … ငါသွားမယ် အယ် ဟယ်"

သီချင်းဆုံးတော့မှ စကားဆက်ပါလေ၏။

ရန်ကုန်မြို့တော်၏ အကောင်းဆုံးနေရာ၊ ဈေးအကြီးဆုံးနေရာတွေကို ခေတ်အဆက်ဆက် 'အာဏာရှင်တွေ' က အပိုင်သိမ်းခဲ့ကြပြီး သားစဉ်မြေးဆက် နေထိုင်ကြကြောင်း၊ ပြည်သူပိုင်နေရာတွေ အစိုးရပိုင်မြေနေရာကောင်းမှန်သမျှ အဲသည် 'သူခိုးအဘတွေ' က 'ကိုယ်ပိုင်' လုပ်ခဲ့ကြပါကြောင်း။

"အေး … အခုတော့ 'အမြီးလှန်' အချိုးခံရပြီပေါ့လကွ"

"ဘယ်လို … ဘယ်လို၊ ဆိုပါအုံး အဘ"

"အခု NUG အစိုးရက အဲသည် အဓမ္မကောင်တွေရဲ့ အိမ်တွေ ခြံတွေ မြေတွေကို ရောင်းဖို့ စီစဉ်နေပြီကွ"

"ဗျာ …"

"မအလတို့တွေ ပျာယာခတ်ကုန်ပြီလကွ"

ရွေးကောက်ခံအမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်က အင်တာဗျူးကနေတဆင့် ပြည်တွင်းနဲ့ နိုင်ငံတကာကို သတင်းစကားပါးတယ်လို့ သိရပါတယ်။

ဖက်ဆစ်အကြမ်းဖက် စစ်ခေါင်းရှောင် မအလရဲ့ လက်ရှိ အင်းယားလမ်းအိမ် အပါအဝင် အာဏာသိမ်း စစ်ခေါင်းဆောင်တွေရဲ့ မြေယာ အိုးအိမ် ပိုင်ဆိုင်မှုတွေနဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားသဖြင့် ရယူထားတဲ့ မြေယာပစ္စည်းတွေကို NUG က တော်လှန်ရေး ပြီးတာနဲ့ ပြန်လည်သိမ်းယူပြီး လေလံတင်ရောင်းချမှာဖြစ်ပြီး ကြိုပွိုင့်အဖြစ် အခုလာမယ့် မေလမှာ အစုရှယ်ယာတွေကို စတင်ရောင်းချသွားမယ်လို့ ထုတ်ဖော်ပြောဆိုသွားတာကွလို့ အဘစောမူးသာနဲ့ အဘထွန်းခင်တို့က ပြောကြပါတယ်။

"သိမ်းဆည်းမယ့် မြေယာတွေ ပစ္စည်းတွေကို အခုလက်ရှိပေါက်ဈေးရဲ့ ၇ဝ ရာခိုင်နှုန်းလောက် လျှော့ချသတ်မှတ်ပြီး အစုရှယ်ယာတွေအဖြစ် ရှေ့လမှာ စရောင်းမှာတဲ့ကွ။ ဥပမာပြောရရင်ကွာ လက်ရှိ '၁ သိန်း' တန်ပစ္စည်းကို '၃ သောင်း' လောက်နဲ့ 'ကြိုပွိုင့်' သဘောမျိုး ရောင်းမှာလေ။ အေး … တော်လှန်ရေးပြီးလို့ ဈေးပြိုင်စနစ်နဲ့ လေလံတင်တဲ့အခါ '၁ သိန်းခွဲ' ရမယ်ဆိုရင်လည်း လက်ရှိ '၃ သောင်း' နဲ့ ဝယ်ထားသူအနေနဲ့ '၁ သိန်းခွဲ' လောက် ရမှာပေါ့ကွ"

"အင်း …"

'ကြိုပွိုင့်' အဖြစ် ရောင်းချမည့် ခြံမြေတွေထဲတွင် 'ချိုကုတ်ဒူးကြီးမအလ' လက်ရှိရယူထားလေသည့် ၂ ဧကနီးပါးရှိ အင်းယားလမ်းက ခြံနံပါတ် ၁၄ လည်း ပါဝင်တယ်လို့ သိရပါတယ်။

အဲသည်ခြံနဲ့ အဆောက်အဦဟာ ဆိုရင်ဖြင့် လက်ရှိပေါက်ဈေးအရ အမေရိကန်ဒေါ်လာသန်း ၃ဝ လောက်ကို တန်တာပါတဲ့ခင်ဗျ။

"အေးကွ … ရန်ကုန်တိုင်း တခုတည်းမှာတင် NUG က ကြိုတင်ရောင်းချမယ့် အာဏာရှင်တွေ အပိုင်သိမ်းထားတဲ့ မြေယာစုစုပေါင်း ဧက ၄ဝဝ လောက်နဲ့ ခြံမြေအဆောက်အဦပေါင်း ၄ဝ လောက်တောင် ရှိတယ်တဲ့ကွ"

"အများကြီးပါလား အဘရာ"

အများပြည်သူတွေအနေနဲ့ အစုရှယ်ယာတွေကို ကန့်သတ်ချက်မရှိ ဝယ်ယူနိုင်မှာဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနတွေက မတရားရယူထားတဲ့ မြေယာတွေကိုလည်း နောင်တချိန် တော်လှန်ရေးပြီးတဲ့အခါ ပြန်လည်တည်ဆောက်မယ့် ဖွံ့ဖြိုးရေးစီမံကိန်းတွေအတွက် လုပ်ငန်းရှင်တွေအနေနဲ့ အခုကတည်းက ကြိုတင်ပြီး ဝယ်ယူနိုင်ဖို့ ရောင်းချမယ်လို့လည်း သိရပါတယ်။

"အေး … မအလနဲ့အတူ အာဏာာသိမ်းမှုမှာ ပါဝင်ခဲ့တဲ့ အပေါင်းပါ ဖက်ဆစ်တွေရဲ့ ပိုင်ဆိုင်မှုတွေကိုသာ NUG က သိမ်းယူမှာတဲ့ကွ၊ အရင်ခေတ်တွေက အာဏာသိမ်း ခေါင်းဆောင်ဟောင်းတွေရဲ့ ပိုင်ဆိုင်မှုတွေကိုတော့ သိမ်းဆည်းဖို့ မူဝါဒမရှိဘူးလို့ အသိပေးသကွ"

"အင်း …"

ဖက်ဆစ်တပ် အာဏာသိမ်းခြင်းရဲ့ အဓိကအချက်က ခေတ်အဆက်ဆက် ရရှိစံစားနေရတဲ့ စည်းစိမ်ချမ်းသာတွေကို မက်မောတဲ့အတွက်ဖြစ်ပြီး ဒီလို လုပ်ဆောင်လို့မရဘဲ ဒင်းတို့ရဲ့ ရှိပြီးသား ပိုင်ဆိုင်မှုတွေကိုပါ လက်လွှတ်ဆုံးရှုံးရမယ်ဆိုတဲ့ အချက်ကို ကမ္ဘာ့သမိုင်းမှာ စံနမူနာအဖြစ် တည်ရှိရေးအတွက် အခုလို သိမ်းဆည်းရောင်းချဖို့ NUG က ဆောင်ရွက်တာဖြစ်တယ်လို့ ပြောပြပါတယ်ခင်ဗျ။

"ရောင်းလို့ရရှိလာမယ့် ဘဏ္ဍာငွေတွေကို ဘယ်လိုပြန်ပြီး အသုံးပြုမှာလဲ အဘ"

"အေး … အခုလို သိမ်းဆည်းပစ္စည်းတွေ ရောင်းချလို့ရတဲ့ ငွေတွေကို ဘယ်လိုအသုံးပြုမလဲဆိုတော့ … နွေဦးတော်လှန်ရေးအတွက် အသက်ပေးလှူသွားတဲ့ ကျောင်းသား ရဟန်း ပြည်သူ အာဇာနည်တွေ၊ ဖမ်းဆီး ညှဉ်းပန်း နှိပ်စက်ခံခဲ့ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ အိုးအိမ်တွေ ဖျက်ဆီးမီးရှို့ခံရတဲ့ ပြည်သူတွေ ပြန်လည်နာလန်ထူရေးအတွက် သုံးစွဲမှာဖြစ်တယ်လို့ ပြောတယ်ကွ"

"ကောင်းတယ် အဘတို့ရာ …"

"ဟားဟား ဟားဟား ဟားဟား … ဖေကြီးကတော့လေ … မအလတွေ ဒုက္ခရောက်တော့မှာကို ကောင်းတယ် လုပ်နေတယ်"

"ဟားဟား ဟားဟား ဟားဟား … လေရှီးက ဖေကြီးကတော့ စံပါပဲဟာ"

အဘစောမူးသာနဲ့ အဘထွန်းခင်တို့ကား ဖေကြီးကိုကြည့်၍ 'ဟား' နေကြပါ၏။ ပြီးတော့ တီဗွီပေါ်က ရပ်ထားသည့် 'ရွှေတောင်ကြားမှာ နေသူရယ်' ကို ပလေးဘွိုင်သန်းနိုင်စတိုင် အတိုင်းပင် ပိုင်နိုင်စွာ သီဆိုဟစ်ကြွေးနေပါလေတော့သတည်း။

"အင်မတန်လည်း … အလှရိပ်တို့ခြယ် … တော်တန်ရုံ ရောက်ဖို့ခက်ပါတယ် … ရွှေတောင်ကြား … အား ဟာ … ကိုယ်သွားမယ် … တို့ သွား ဝ ယ် … ငါတို့ သိမ်းမယ် …"

ဖေကြီး (လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024