Home
မြန်မာသတင်း
တပြည်လုံးအပစ်ရပ်ရေး အက်စ်အက်စ်အေက သီးခြားလက်မှတ်ထိုးမည်
နန်းမြနဒီ
·
March 11, 2014
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးတဲ့အခါမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည် တပ်မတော်တောင်ပိုင်းအဖွဲ့အနေနဲ့ မပါဝင်ဘဲ အစိုးရနဲ့ သီးခြားလက်မှတ်ရေးထိုးသွားမယ်လို့ အဖွဲ့က ပြောပါတယ်။ ssaပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်းစုံပါဝင်တဲ့ (အန်စီစီတီ) ခေါ် တနိုင်ငံ လုံးအပစ်ခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့တို့ တနိုင်ငံလုံး အပစ်အခတ်ရပ် လက်မှတ်ရေးထိုးနိုင်ဖို့အတွက် စာချုပ်ကို ပူးပေါင်းရေးဆွဲကြဖို့ ရန်ကုန်မှာ မနေ့က တွေ့ဆုံဆွေးနွေး သဘောတူညီမှု ရရှိထားတာပါ။ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအနေနဲ့ကတော့ ခုလိုသဘောတူညီမှုရတဲ့အပေါ် ကြိုဆိုပေမယ့် တပြည်လုံးအပစ်ရပ်ရေးအတွက် လက်မှတ်ရေးထိုးရာမှာတော့ တဖွဲ့တည်း သီးသန့် အစိုးရနဲ့ ဆွေးနွေးပြီးမှ ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းရဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ကိစ္စမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုအနေနဲ့ ၀င်ပါမှာ ဖြစ်ပါတယ်။ တကယ့်တကယ် တပြည်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုတော့မယ်ဆိုရင် ကျနော်တို့ သဘောတူတဲ့ အချက်တွေကိုပဲ ကျနော်တို့ လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။ ကျနော်တို့ ဖြည့်စွက်လိုတဲ့အချက်တွေကို ပြည်ထောင်စု ငြိမ်ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (ယူပီဒဗလျူစီ) နဲ့ ထပ်မံညှိနှိုင်းဖြည့်စွက်မယ်၊ ဖြည့်စွက် ပြုပြင်သင့်တာတွေ ရှိရင်လည်း ယူပီဒဗလျူစီနဲ့ သီးသန့်ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။” ဒီလိုသီးခြား လက်မှတ်ရေးထိုးမယ့်အကြောင်းကိုလည်း အစိုးရထံ အသိပေးအကြောင်းကြားထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အက်စ်အက်စ်အေ တောင်ပိုင်းအဖွဲ့နဲ့ ဖေဖော်ဝါရီလထဲမှာ တွေ့ဆုံဆွေးနွေးမယ်လို့ ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်က ရှမ်းပြည်တပ်မတော်စစ်ဦးစီးချုပ် ဒု- ဗိုလ်ချုပ်မှူးကြီး ရွက်စစ်နဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပေမယ့် ဒီနေ့ထိ တွေ့ဆုံနိုင်ခဲ့ခြင်းမရှိသလို တွေ့ဆုံဆွေးနွေးဖို့ ဆက်သွယ်အကြောင်းကြားလာတာလည်း မရှိသေးဘူးလို့ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။ အက်စ်အက်စ်အေတောင်ပိုင်းအနေနဲ့ကတော့ တပြည်လုံးအပစ်အခတ်ရပ်ရေးကိစ္စမှာ ရှမ်းနိုင်ငံရေး အဖွဲ့နဲ့ ရှမ်း ပြည်သူလူထု ကိုယ်စားပြု အဖွဲ့တို့ရဲ့ သဘောထားတွေ ရယူမယ်လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024