မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဧပြီ ၃၀ ရက် ဒီနေ့ မနက်ခင်း ၆ နာရီလောက်က စတင်ပြီး လေပြင်းတိုက်၊ မိုးသည်းထန်စွာရွာသွန်းပြီး မိုးသီးတွေပါ ကျနေတာကြောင့် ရေကြီးရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့ပေါ်ကတ္တရာလမ်းမကြီးတင်မက လူနေအိမ်တွေထဲထိပါ ရေဝင်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“မနက် ၆ နာရီကျော်ကတည်းက ရွာနေတာ။ ခြေသလုံး တဝက်ကျော်မြုပ်တယ်။ ခုထိ မတိတ်သေးဘူး။ ကတ္တရာလမ်းက ရေချောင်းဖြစ်နေပြီ။ လမ်းတွေတော့ ပျက်ပြီ။”
လေပြင်းတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းနေတာကြောင့် ဒေသခံတွေအနေနဲ့ သတိနဲ့နေကြဖို့နဲ့ အကူညီလိုအပ်ရင်ဆက်သွယ်ဖို့ ဒေသခံလူမှုကူညီရေးအသင်းတွေက ထုတ်ပြန်ထားပါတယ်။
မိုးကုတ်မြို့မှာ မိုးသည်းထန်စွာ ရွာသွန်းပါက ကတ္တရာလမ်းတင်မက နေအိမ်တွေထဲ အထိပါ ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။