ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ် နားမခေါ်ကျေးရွာမှာ ဒီကနေ့ညနေပိုင်းက မိုးသက်လေပြင်း ကျရောက်ပြီး ဘုန်းကြီးကျောင်းဇရပ် အပါအဝင် နေအိမ်ခေါင်မိုးတွေ ပျက်စီးလွင့်ထွက်ကုန်ကာ နှစ်ရှည်သစ်ပင်ကြီးတွေ လဲကျခဲ့ပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီနဲ့ ၃ နာရီကြား အချိန် ၁ နာရီလောက်ကြာ မိုးရော လေပါ ပြင်းထန်တာကြောင့် ရွာလမ်းတလျှောက် အိမ်ခေါင်မိုး၊ သွပ်အပျက်အစီးတွေ ပြန့်ကျဲနေကြောင်း၊ ရွာထဲမှာ ရပ်ကွက်ပေါင်း ၆ ခုရှိပြီး ရပ်ကွက်တိုင်း အပျက်အစီးရှိကာ ခန့်မှန်းခြေ ၅၀ လောက် ပါသွားနိုင်ကြောင်း ကျေးရွာလူငယ် စိုင်းစံဆာက ဒီဗွီဘီကို ပြောပါတယ်။
“အများအားဖြင့် ပျက်စီးတာက အိမ်ခေါင်မိုးပေါ့၊ ဘုန်းကြီးကျောင်းနဲ့ ဇရပ် ၃ ဆောင်က အမိုးတွေ ပျက်စီးသွားတယ်။ တချို့အိမ်က တအိမ်လုံး လန်ထွက်သွားတာ။ ဓာတ်မီးတိုင်တွေ လဲကျတယ်၊ သရက်သီး ပိန္နဲသီးတွေ ကြွေကျတယ်၊ ရွာထဲမှာ ခေါင်မိုးအပျက်အစီးတွေ ပြန့်ကျဲနေလို့ လိုက်ကောက်နေပါတယ်။ ပျက်စီးတဲ့ အိမ်ခြေစာရင်းလည်း ကောက်နေတုန်းပဲ။ အတိအကျ မသိရသေးဘူး၊ တရပ်ကွက်ကို အနည်းဆုံး ၅ အိမ် ၆ အိမ်လောက်ပါတော့ အိမ်အလုံး ၅၀ လောက် ပျက်စီးမယ်လို့ ခန့်မှန်းတယ်ခင်ဗျ။”
နားမခေါ်ကျေးရွာဟာ သီပေါရဲ့ အရှေ့တောင်ဘက် ၂၄ မိုင်အကွာမှာရှိပြီး အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း၊ ပြီးခဲ့တဲ့အပတ်ကလည်း လေပြင်းတိုက်လို့ နေအိမ်အလုံး ၂၀ ကျော် ပျက်စီးပြီး မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ အန်ဂျီအိုတဖွဲ့က စာရင်းလာကောက်သွားပေမဲ့ အကူအညီတော့ ရောက်မလာသေးဘူးလို့ ဆိုပါတယ်။
သူတို့ရွာဟာ လယ်ယာလုပ်ငန်းကိုသာ အဓိကအားထားပြီး ဒီနှစ်ထဲ မိုးလေဝသမကောင်း၊ အလုပ်အကိုင်မကောင်း၊ ကုန်ဈေးနှုန်းကြီးပြီး စားဝတ်နေရေး ကျပ်တည်းနေကြတဲ့ကြားထဲက ခုလို သဘာဝဘေးဒဏ် ထပ်ခံရလို့ ပျက်စီးသွားတဲ့ နေအိမ်တွေ ပြန်ပြင်ဖို့ မလွယ်ကူကြောင်း၊ ရပ်နီးရပ်ဝေး အလှူရှင်တွေအနေနဲ့ ဖုံးနံပါတ် ၀၉ ၆၉၁ ၃၇၉ ၂၉၂ ကို ဆက်သွယ်ကူညီနိုင်တယ်လို့ ဆိုပါတယ်။