လေထုညစ်ညမ်းမှု ပမာဏ မြင့်လာတဲ့ အိန္ဒိယ

အိန္ဒိယနိုင်ငံ ဒေလီမြို့တော်ရဲ့ ဆင်ခြေဖုံးရပ်ကွက်တခုမှာ အသက် ၅၅ နှစ်အရွယ် ဆာဖှာရဇ် အာမဒ်ဟာ သူ့ရဲ့ ကုန်စုံဆိုင်ငယ်လေးထဲမှာ လက်ဖက်ရည်ကြမ်း တခွက်သောက်ရင်း သူ့ကိုယ်သူ သတိပေးနေပါတယ်။ သူ့လို ရင်ကြပ်ပန်းနာ ရောဂါသည်တယောက်အတွက်ဆိုရင် ဆောင်းရာသီဟာ ပင်ပန်းခက်ခဲရတဲ့အချိန်ပါ။

Delhi-smog-Reutersဒီလိုရာသီ ဒီလိုအချိန်ဆိုရင် ဒေလီမှာ မီးခိုးမြူတွေ၊ ဖုန်မှုန့်တွေနဲ့ အုံ့ဆိုင်းနေကျဖြစ်ပြီး၊ လေကြောင်းခရီး၊ မီးရထားလမ်းခရီးတွေ အနှောင့်အယှက် ဖြစ်ကုန်တတ်ပါတယ်။ ဒါပေမယ့် အထိခိုက်ဆုံးကတော့ ပြည်သူတွေရဲ့ ကျန်းမာရေးပါပဲလို့ ဆဖှာရဇ်က ပြောပါတယ်။

“ဒီမှာက သိပ်ညစ်ပတ်တော့ အသက်တောင် ရှူနိုင်မှာ မဟုတ်ဘူး။ လေထဲမှာလည်း တကယ့်ကို မခံစားနိုင်လောက်တဲ့ အနံ့တခုက အမြဲရှိနေတော့ အသက်ရှူ မ၀၊ အသက် ရှူမရနဲ့။ ကျနော်ဆို တော်တော်ကို မောပြီး အားနည်းလာတယ်။ ဒီလိုအချိန်ဆို ဘာဆေးမှလည်း မတိုးတော့ဘူး။ ကျနော်တို့ ဒေလီမှာ နေဖို့ကလွဲပြီး ဘာရွေးချယ်ခွင့်မှလည်း မရှိဘူးလေ။ အဲလိုမှမဟုတ်လည်း နေဖို့ထိုင်ဖို့ သင့်တော်တဲ့နေရာမှ မရှိတာ။”

ဆာဖှာရဇ်ရဲ့ တွေးထင်ယူဆချက်အတိုင်းပဲ ဒေလီမြို့တော်နဲ့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေကလည်း ထပ်တူထပ်မျှ ခံစားကြရပါတယ်။

မြို့တော်ထဲ လေထုညစ်ညမ်းမှု ပမာဏ မြင့်လာခြင်းဟာ အများပြည်သူ ကျန်းမာရေးစရိတ်စက ပိုများလာနေပါတယ်။ အထူးသဖြင့်တော့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေက လတ်တလောနှစ်တွေမှာ ဖြစ်ရိုးဖြစ်စဉ်ထက် ထူးထူးကဲကဲ များပြားလာတာ တွေ့ရတယ်လို့ ဒေလီအခြေစိုက် အထွေထွေရောဂါကု ဆရာဝန် ဒါရ်က ပြောပါတယ်။

“ညစ်ညမ်းမှုက အသက်အရွယ်မရွေးကို အကျိုးသက်ရောက်ပါတယ်။ ဒါပေမယ့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေမှာက ခံနိုင်ရည်နည်းတဲ့အတွက် သူတို့က ပိုပြီးသနားစရာ ကောင်းပါတယ်။ ဒါကလည်း သိပ်ကိုဖြစ်လေ့ဖြစ်ထ ရှိလာတဲ့သဘော ဖြစ်လာပါတယ်။ ဒီလိုရာသီမျိုးမှာတောင်မှ လူတွေအတော်များများ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုတွေ၊ လည်ချောင်းနဲ့ ရင်ခေါင်း ကူးစက်မှုတွေ စတဲ့ ရောဂါတွေ ဖြစ်လာကြတာဆိုတော့ ဒါက လေထုညစ်ညမ်းမှု ပမာဏ မြင့်လာလို့ပါပဲ။”

ဒေလီရဲ့ လေထုညစ်ညမ်းမှုစံချိန်ကတော့ အမြဲတမ်း စိတ်ပျက် အားမရစရာပါပဲ။ ဒါပေမယ့် ဒီနှစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ဆောင်ရွက်မှု အညွှန်းကိန်းအရဆိုရင် နယူးဒေလီဟာ ကမ္ဘာ့လေထု ညစ်ညမ်းမှု အများဆုံးမြို့တော် ပေကျင်းကိုတောင် ကျော်လွန်သွားနေပါပြီတဲ့။

သိပ္ပံနဲ့သဘာဝ ပတ်ဝန်းကျင် ဗဟိုဌာနက ဗီဗက် ဗဟာတူ ပါဒီယက “ကျနော်တို့ ရေရှည်လမ်းကြောင်းတွေကို ကြည့်တဲ့အခါမှာ တရုတ်နိုင်ငံက တကယ်ကို ကောင်းကောင်းမွန်မွန် ဆောင်ရွက်ခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ပေကျင်းအတွက် ရနိုင်သလောက် လေထုညစ်ညမ်းမှု အချက်အလက်တွေက လေထုထဲမှာ ပါဝင်တဲ့ အမှုန်ပမာဏ PM-10 ထဲမှာ ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားတယ်လို့ ဖော်ပြနေတာဖြစ်ပြီးတော့--- ဒေလီမှာကတော့ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း အဲဒီလောက် တူညီတဲ့ပမာဏလောက်ကို တိုးလာတာပါ။ ကျနော်တို့ ဦးတည်လုပ်ရမယ့်ဟာက လေထုညစ်ညမ်းမှု ပမာဏကို လျှော့ချပစ်နိုင်ဖို့ကို အားထုတ်ရမှာ ဖြစ်ပြီးတော့ နှိုင်းယှဉ်ချက်တွေပဲ လုပ်နေတာမျိုး မဖြစ်သင့်ဘူးပေါ့လေ။ ဒါပေမယ့် ကျနော်တို့ ငြင်းခုံနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ကျနော်တို့ရဲ့ လေထုညစ်ညမ်းမှုပမာဏတွေက အတော့်ကို များပြားလွန်းနေပြီး ကျနော်တို့ ဒါကို လက်ခံကို ခံရမှာပါပဲ” လို့ ပြောပါတယ်။

ဒေလီက လေထုညစ်ညမ်းမှု အများဆုံးဖြစ်ရတဲ့ အကြီးမားဆုံး အကြောင်းရင်းကတော့ ခရီးလမ်းပန်း သွားလာရေးပါပဲ။ ဒေလီရဲ့လမ်းမတွေပေါ်မှာ နေ့စဉ်သွားလာနေတာက စာရင်းဝင်ပြီးသား မော်တော်ယာဉ် ၈ သန်းကျော်နဲ့ နောက်ထပ် ယာဉ်သစ် ၁ ထောင်ကျော် ဖြစ်ပါတယ်။

ဗီဗက် ဗဟာတူ ပါဒီယက “မော်တော်ယာဉ်တွေကြောင့် ဖြစ်ရတဲ့ ညစ်ညမ်းမှုပမာဏဟာ တခြားအကြောင်းတွေကြောင့် ဖြစ်ရတဲ့ ညစ်ညမ်းမှုပမာဏနဲ့ယှဉ်ရင် ပိုပြီး မြင့်မားပါတယ်။ ဘာလို့လဲဆိုတော့ ဒီထုတ်လွှတ်မှုတွေက လူတွေ အသက်ရှူသွင်း ရှူထုတ် လုပ်ကြတဲ့နေရာအတွင်းမှာကို ရှိနေတာဆိုတော့ အကျိုးသက်ရောက်မှုက တော်တော်ကို ကြီးပါတယ်။ ကျနော်တို့ လတ်တလော ဒေလီမှာပဲ လေ့လာမှုတခု လုပ်နေပါတယ်။ လမ်းမတွေကနေ မီတာ ၃၀၀ ကနေ ၅၀၀ အတွင်းမှာ နေထိုင်ကြတဲ့ လူဦးရေ ၅၀ ရာခိုင်နှုန်း ကျော်ကျော်ကို လေ့လာထားတာပါ။ ဒီ လေထုညစ်ညမ်း ထုတ်လွှတ်မှုတွေက သူတို့ကို တိုက်ရိုက် ထိခိုက်မှုရှိတဲ့ အကြောင်းပါ” လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတော့ နယူးဒေလီမြို့တော်ဟာ လောင်စာသန့်စင်မှု အပြောင်းအလဲ လုပ်ခဲ့ပြီး၊ ဘတ်စ်ကားတွေ၊ စက်တပ် သုံးဘီးယာဉ်တွေနဲ့ တက္ကစီတွေကို စီအန်ဂျီ ခေါ် ဓာတ်ငွေ့သုံးပြီး မောင်းတဲ့ ယာဉ်တွေအဖြစ် အားလုံးပြောင်းလဲစေခဲ့ပါတယ်။

စက်တပ်သုံးဘီးကား မောင်းသူ ယာဒက်ဗ်က “မီးခိုးငွေ့ အလွှာထူကြီးရယ်၊ ဖုန်လုံးတွေရယ်က ဖြစ်နေကျပါပဲ။ အဲဒါတွေကြောင့် သွားရလာရ သိပ်ခက်တာပဲ။ ကျနော်တို့မျက်လုံးထဲမှာဆို အမြဲတမ်း ပူစပ်ပူလောင်ကြီး ခံစားနေရတာ။ ဒါပေမယ့် စီအန်ဂျီနဲ့ကျတော့ အားလုံး ပြောင်းသွားတယ်။ တော်တော် သက်သာသွား တာပေါ့” လို့ ပြောပါတယ်။

ဒါပေမယ့်လဲ အဲဒါ သိပ်တော့ မကြာခဲ့ပါဘူး။ မော်တော်ယာဉ်တွေ များလာပြီး အထူးသဖြင့် ဒီဇယ်နဲ့ မောင်းတဲ့ ယာဉ်တွေ ပိုများလာတာကြောင့် စီအန်ဂျီကနေ အကျိုးအမြတ် သိပ်တောင် မရပါဘူးလို့ သိပ္ပံနဲ့ သဘာဝ ပတ်ဝန်းကျင် ဗဟိုဌာနက ဗီဗက်က ပြောပါတယ်။

“ဒါတွေက ကင်ဆာရောဂါ ဖြစ်နိုင်တယ်လေ။ သူကလည်း ဆေးရွက်ကြီးလိုပဲ အန္တရာယ် များတယ်ဗျ။ တကယ်လို့ ဖွံ့ဖြိုးမှု ကိန်းဂဏန်းတွေကို ကြည့်လိုက်မယ်ဆိုရင် ဒေလီမှာ ယာဉ်ကြော ပိတ်ဆို့စေတဲ့ မော်တော်ယာဉ်အသစ်တွေရဲ့ ၅၀ ရာခိုင်နှုန်းလောက်ဟာ လောင်စာအဖြစ် ဒီဇယ်သုံးပြီး မောင်းကြတာဗျ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်တုန်းကနဲ့ နှိုင်းကြည့်ရင်တော့ ဒီဇယ်သုံး မောင်းတဲ့ကားက ၂ ရာခိုင်နှုန်းလောက်ပဲ ရှိတာကိုး။”

ဒါကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးအန္တရာယ်တရပ်လို့ သူက ယူဆထားပြီး နယူးဒေလီအစိုးရအနေနဲ့ ချက်ချင်းလက်ငင်း တိတိကျကျ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရမယ်လို့လဲ ဗီဗက်က ဆိုပါတယ်။

“ကျနော်တို့က အများပြည်သူ သွားလာရေးကို တိုးတက်အောင် လုပ်ပေးရမှာ ဖြစ်ပြီးတော့ ပြည်သူလူထုနဲ့လည်း ဘာကွာဟချက်မှ မရှိအောင် စီစဉ်ဆောင်ရွက်ပေးရမှာပါ။ ကျနော်တို့ဟာ မော်တော်ယာဉ် အရေအတွက်ကို ထိန်းချုပ်ဖို့လည်း လိုအပ်ပြီးတော့ ပေကျင်းနဲ့ စင်ကာပူ တို့မှာ လုပ်သလို ကားရပ်နားခတို့၊ ယာဉ်နေရာ ပြည့်ကျပ်စေတဲ့ အခွန်တို့ စတဲ့ကိစ္စမျိုးတွေကို အကောင်အထည် ဖော်ရမှာပါ။ အဲဒီတော့ တဖက်မှာလည်း ကျနော်တို့က အများပြည်သူ သွားရေးလာရေးကိစ္စကို ပံ့ပိုးပေးပြီးတော့ နောက်တဖက်ကျတော့ လူတွေကို ပြောင်းလဲ၊ ရွှေ့ပြောင်းပေးတာမျိုး လုပ်ပေးရမှာပါ။ နောက်ဆုံးအနေနဲ့ ပြောရရင်တော့ ကျနော်တို့က သန့်ရှင်းလောင်စာ အသုံးပြုမှုကို ထပ်ပြီး ဆော်သြပေးဖို့ လိုသလို၊ ညစ်ညမ်းလောင်စာတွေကို ဖယ်ရှားပစ်လိုက်ဖို့လဲ လုပ်ရမှာပါ။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ဘစ္စမီလာ ဂီလာနီက နယူးဒေလီကနေ သတင်းပေးပို့ထားတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up