စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်အတွင်း ကျေးရွာတွေကို စီးနင်း မီးရှို့ဖျက်ဆီးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၁ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များတယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) က ထုတ်ပြန်ပါတယ်။
ဧပြီ ၂၆ ရက်က အင်အား ၁၅၀ ပါ စစ်ကောင်စီတပ် ခလရ ၈၇ ခြေလျင်စစ်ကြောင်းကို မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာထိပ်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမှာ ၁၅ မိနစ်ခန့် ကြာမြင့်ပြီး တိုက်ပွဲအစမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ၃ လုံး စစ်ကောင်စီစစ်ကြောင်းကို ထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ထိခိုက်ဒဏ်ရာ ရခဲ့တာလို့ DRPA က ပြောပါတယ်။
တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပေမဲ့ ဆိုင်ကယ် ၂ စီးကတော့ တိုက်ပွဲဖြစ်ပွားရာ နေရာမှာ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
အဆိုပါတိုက်ပွဲကို DRPA၊ FRF၊ GALAXY FORCE DEPEYIN - ပကဖ၊ စစ်ကိုင်းခရိုင် ယင်း၃၊ MDF နဲ့ သံပေါက်ဒေသခံ ကာကွယ်တပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။