Home
ဆောင်းပါး
မဆိုင်သလို နေသူများသို့
DVB
·
April 27, 2022

အိမ်နံရံ ပျဉ်နှစ်ချပ်ကြားက ချောင်းကြည့်လိုက်တော့ လယ်သမားနဲ့ သူ့မယား အထုပ်တထုပ် ဖြေနေတာကို ကြွက်က‌လေး မြင်လိုက်ရတယ်။ အထဲမှာ စားစရာတခုတ‌လေများ ပါလေမလား။ သူထင်သလိုတော့ မဟုတ်။ စားစရာမုန့်မဟုတ်။ နာစရာတုတ် ဖြစ်နေပါရော။ ကြွက်ထောင်ချောက်တဲ့။

ကြွက်ထောင်ချောက် မောင်းပြုတ်ပြီး ဂျိုင်းခနဲ ရိုက်တဲ့အသံကို မြင်ယောင်ကြည့်လိုက်ရာ အလိုလိုနေရင်း ကြက်သီးထလာမိတယ်။ “အိမ်ထဲမှာ ကြွက်ထောင်ချောက်တခု ရောက်နေပြီဗျို့၊ အားလုံး သတိထားကြ၊ ကြွက်ထောင်ချောက်တခု ရောက်နေပြီ။" အဲဒီလိုအော်ရင်း ခြံထဲမှာ အစာရှာ‌နေတဲ့ ကြက်မနားကို ရောက်လာတယ်။ ဖုန်ထဲ၊ သဲထဲမှာ အစာရှာနေတဲ့ ကြက်မက “ဒီလောက်တောင် အော်မနေပါနဲ့ ကိုကြွက်ရယ်၊ ရှင့်အတွက်တော့ စိုးရိမ်စရာဖြစ်တာ မှန်ပါတယ်၊ ဒါပေမဲ့ ကျမနဲ့က ဆိုင်မှမဆိုင်တာ၊ ဘာကိုသတိထားနေရမှာလဲ” လို့ ဆိုတယ်။ 

ဝက်ခြံနားသွားပြီး ဝက်ကို ပြောပြန်တော့လည်း ဝက်က “ငါ မင်းအတွက် စိတ်မကောင်းပါဘူး၊ ဖိုးကြွက်ရာ၊ ဒါပေမဲ့ ဒီကိစ္စက ငါတတ်နိုင်တဲ့ကိစ္စ မဟုတ်ဘူး။ အလွန်ဆုံး ဘုရားမှာ ဆုတောင်းရုံလောက်ပဲ တတ်နိုင်တယ်၊ ညဘက် ဘုရားရှိခိုးတဲ့အခါ မင်းအတွက်ထည့်ပြီး ဆုတောင်းပေးပါ့မယ်ကွာ” လို့ ချွေးသိပ်ပါတယ်။ 

ခြံထဲမှာ နွားတကောင်လည်း ရှိသေးတော့ ကြွက်က သူ့ဆီသွားပြီး ပြောလိုက်ပြန်တယ်။ နွားက သူ့ကို ဟားတောင်လွှတ်လိုက်ပါသေးတယ်။ “ဟ၊ ငကြွက်ရ အိမ်ထဲမှာ ကြွက်ထောင်ချောက် ဟုတ်လား၊ ဒါဆို ငါ့အတွက် အန္တရာယ်ပဲ၊ ခြေမညှပ်မိရင် ငါသေပြီ၊ ဟား ဟား” တဲ့။

တအိမ်လုံးမှာရှိတဲ့ အကောင်တွေကို လှည့်ပတ်သတိ‌ပေးခဲ့ပြီ။ အကုန်လုံးက သူနဲ့မဆိုင်သလို အလေးမထားကြပါဘူး။ ဒါနဲ့ ကြွက်ကလေး ပြန်လှည့်လာခဲ့တယ်။ ဟုတ်တော့ ဟုတ်ပါတယ်လေ။ တကယ်တော့ နာမည်ကိုယ်နှိုက်ကလည်း ကြွက်ထောင်ချောက်ပဲ မဟုတ်ပါလား။

ဒီလိုနဲ့ ညသန်းခေါင်မှာ ကြွက်ထောင်ချောက် မောင်းပြုတ်တဲ့အသံ ကျယ်လောင်စွာ ထွက်လာပါတယ်။ သတ္တဝါတွေအားလုံး လန့်နိုးကုန်ကြတယ်။

“ဖိုးရွှေကြွက်တကောင်တော့ သွားရှာပေါ့” လို့  ဝက်ကဆိုတယ်။ ကြက်မက “ကျမ စိတ်မကောင်းဘူး၊ ဒီလောက်မြန်မြန်ကြီး ဖြစ်မယ်မထင်” လို့။ မနက်က သူ မစာမနာ ပြောလိုက်မိတာ ပြန်တွေးပြီး အားနာနေတယ်။ နွားကြီးကတော့ “စောစောသေတော့လည်း‌ မြွေကြောက်ရတဲ့ဒုက္ခ စောစောငြိမ်းတာပေါ့ကွာ” တဲ့။

တကယ်က သူတို့ထင်နေသလို ကြွက်မိသွားတာမဟုတ်။ ကြွက်က‌လေးကလည်း ဂျိုင်းခနဲ မြည်သံကြားတော့ သူကိုယ်တိုင် မိသွားပြီ ထင်သွားတာ။ နောက်တော့မှ သူမဟုတ်မှန်း သိလိုက်ရတာ။ ဒါဆို ဘယ်သူများလဲဆိုပြီး အသာထချောင်းကြည့်တော့ မြွေတကောင်   ဖြစ်နေတယ်။ ကြွက်ထောင်ချောက်ဆိုတာ ဘာမှန်းမသိတော့ ကြွက်စာအနံ့မွှေးမွှေးကို သူ့အစာအောက်မေ့ပြီး သွားစားမိတယ်။ မောင်းတံရိုက်တဲ့အချိန် ခေါင်းပိုင်းကိုမထိ၊ အမြီးပိုင်းက ညပ်နေတယ်။ ကြွက်က တုန်တုန်ယင်ယင် ကြည့်နေခိုက် မီးအိမ်လေးမှိန်မှိန်နဲ့ အိမ်ရှင်မ ထွက်လာတာကို မြင်လိုက်ရတယ်။ မိန်းမက အိပ်ချင်မူးတူး၊ ကြွက်မိပြီအထင်နဲ့ ကြွက်ထောင်ချောက်ကို သွားဆွဲလိုက်တယ်။ အဲဒီမှာပဲ မြွေက လှမ်းပေါက်လိုက်ပါတယ်။ အိမ်ရှင်မရဲ့ အော်သံကြားတော့ သူ့ယောကျ်ားလည်း အပြေးအလွှား ရောက်လာတယ်။ သူ့မိန်းမကို ကိုက်ပြီးတဲ့နောက် ပါးပျဉ်းထောင်နေသေးတဲ့မြွေကို မြင်ပြီး နီးရာတုတ်တချောင်းနဲ့ လက်မြန်ခြေမြန် ရိုက်လိုက်တာ ပွဲချင်းပြီး သေသွားတယ်။ မြွေကလည်း အတော်အဆိပ်ပြင်းတဲ့ မြွေမျိုး။ ယောက်ျားလည်း ခေါင်းနားပန်း ကြီးသွားတယ်။ အဲဒါနဲ့ အိမ်နီးနားချင်းတွေကို လှမ်းခေါ်ပြီး ညကြီးမင်းကြီးပဲ ဆရာဝန်ကို သွားပင့်ပေးဖို့ အကူအညီ တောင်းရတော့တာပါပဲ။

ဆရာဝန်ကလည်း သူ့ရှိသမျှဆေးဝါးနဲ့ ကုသပေးလိုက်တယ်။ မိန်းမကတော့ မသက်သာပါဘူး။ နောက်နေ့မှာ အိမ်ရှင်မက မြွေဆိပ်အရှိန်နဲ့ ဖျားပြီး ညည်းတယ်။ တနေ့လုံး ကိုယ်လက်တွေ ကိုက်ခဲပြီး ပါးစပ်ကလည်း ဘာမှမစားချင် ဖြစ်နေတယ်။ အစာမဝင်ရင် ကိုယ်ခံအားနည်းမယ်၊ အဲဒါဆိုရင် မြွေဆိပ်ဒဏ် ပိုမခံနိုင်ဖြစ်မယ်၊ အားရှိသွားအောင် ကြက်စွပ်ပြုတ်ကျွေးပါလို့ ဝိုင်းဝန်းအကြံပေးကြတော့ ယောကျ်ားက သူမွေးထားတဲ့ တကောင်တည်းသော ကြက်မကို သတ်ပြီး မိန်းမအတွက် ကြက်သားစွပ်ပြုတ်လုပ်တယ်။ ဆရာဝန်က နောက်နေ့တွေမှာလည်း လာကြည့်ပါတယ်။ ဒါပေမဲ့ လူနာက မသက်သာဘူး။ လယ်သမားမယား မြွေကိုက်ခံရတဲ့အကြောင်း ကြားရတော့ ဆွေမျိုးမိတ်သင်္ဂဟတွေ လူမမာ သတင်းမေးလာကြတယ်။ တချို့က ခပ်ဝေးဝေး ရွာတွေက လာရတော့ ချက်ချင်း မပြန်နိုင်ကြဘူး။ တညလောက်အိပ်ပြီး စောင့်ကြည့်ကြတယ်။ လူမမာ အခြေအနေမကောင်းတော့ သားချင်းတချို့လည်း အနီးကပ် ပြုစုလို့ရအောင်ဆိုပြီး မပြန်ကြတော့ဘူး။

အဲဒီတော့ အိမ်ရှင်လယ်သမားမှာ ဧည့်ခံဖို့၊ ကျွေးမွေးဖို့ လိုပြန်တာပေါ့။ ဒီအတွက် ဝယ်ဖို့ခြမ်းဖို့ရော၊ ဆရာဝန်ပေးဖို့ပါ ငွေကြေးက လိုနေတာဆိုတော့ အိမ်မှာရှိတဲ့ ဝက်ကိုသတ်ပြီး အိမ်မှာစားဖို့ အသားတချို့ယူ၊ ကျန်တာကို ရွာထဲ လျှောက်ရောင်းခိုင်းလိုက်ရတယ်။ ဆရာဝန်ရော အရပ်ကပါ ဝိုင်းပြီး ပြုစုစောင့်ရှောက်ကြပေမဲ့ လယ်သမားမယားက ပြန်နာလန်ထူမလာဘူး။ မြွေကိုက်တဲ့ဒဏ်နဲ့ပဲ အသက်ဆုံးသွားခဲ့တယ်။ အသုဘချ၊ ရက်လည်ဆွမ်းကျွေးတဲ့အခါ လယ်သမားမှာ နွားတကောင်တည်း ရှိတာဆိုတော့ အဲဒီနွားကြီးပဲ သတ်ပြီး မိန်းမအတွက် အလှူလုပ်လိုက်ရတယ်။

ရက်ပိုင်းအတွင်း ဆက်တိုက်ဖြစ်သွားခဲ့တဲ့ အဲဒီအဖြစ်အပျက်တွေကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ ကြွက်ဟာ အကြီးအကျယ် ထိတ်လန့်အံ့သြမိသလို ကြွက်ထောင်ချောက်ဟာ ဘယ်သူ့အတွက်လဲ ဆိုတာကိုလည်း စဉ်းစားမရနိုင်အောင် ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် သူတယောက်တည်း ကြောက်နေတုန်းက ကိုယ်နဲ့မဆိုင်သလို နေခဲ့ကြတဲ့ ကြက်၊ ဝက်၊ နွား အပါအဝင် သတ္တဝါငါးဦး အသက်ဆုံးရှုံးသွားပြီးတဲ့နောက်မှာ သူကတော့ ကြွက်ထောင်ချောက်ကို အရင်ကထက်ပိုပြီး အကြောက်ကြီး ကြောက်သွားခဲ့ပါတော့တယ်။

ပုံပြင်လေးကတော့ ဒါပါပဲ။ အင်း… ဒါပါပဲလို့‌တော့ ပြော၍မရ။ လက်ရှိ မြန်မာပြည်မှာလည်း ကြွက်ထောင်ချောက်ထဲကလို လက်‌တွေ့ဖြစ်ပျက်နေသည်။ တိုင်းရင်းသားဒေသတွေမှာ စစ်မိစ္ဆာများ ဖိနှိပ်‌နေတုန်းက ပြည်မက လူတော်တော်များများ ကိုယ်နဲ့မဆိုင်သလို နေခဲ့ကြသည်။ တချို့ကလည်း တို့များ ဘာတတ်နိုင်ဦးမှာလဲ၊ ဆုတောင်းပေးကြရုံပေါ့၊ စိတ်မကောင်းဖြစ်ရုံကလွဲလို့ သိပ်ပြီး လေးလေးနက်နက် မရှိခဲ့ကြ။

ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စတုန်းမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ခဲ့ကြသည်။ စစ်မိစ္ဆာများ၏ မတရားဖိနှိပ်မှုများကို ကြားသိနေရသော်လည်း ငါတို့နဲ့မဆိုင်၊ ငါတို့တော့ ဘာမှမဖြစ်ပါဘူး ဆိုပြီး ဘာသိဘာသာ နေခဲ့ကြသည်။ မကြာလိုက်ပါ။ ၂၀၂၁ ခုနှစ်တွင် စစ်အာဏာသိမ်းမှု ပေါ်ပေါက်လာပါတော့သည်။ ထိုအခါကျမှ စစ်အာဏာရှင်စနစ် ဆိုသည်မှာ ပြည်မ၊ တောင်တန်း မခွဲခြား၊ လူမျိုးဘာသာမရွေး အားလုံးကို ဖိနှိပ်သည့်အရာမှန်း ဘဝပေးအရ သိရှိလာခဲ့ကြပါသည်။ စစ်မိစ္ဆာများ၏ မတရားဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်ဖြတ်မှုများကို နေ့စဉ်နဲ့အမျှ ကြုံတွေ့လာကြရသည်။ ရွာလုံးကျွတ်မီးရှို့၊ ကလေး၊ မိန်းမ၊ သက်ကြီးရွယ်အိုမချန် သတ်ဖြတ်နေတာများကို မျက်ဝါးထင်ထင် မြင်လာကြရတော့သည်။ အခြေခံရပိုင်ခွင့်ဖြစ်သည့် အသက်ရှင်ပိုင်ခွင့် ဆိုတာပင် အာမခံချက် မရှိတော့သည့် အခြေအနေဆိုးတို့ ဆိုက်ရောက်လာကြတာ ဖြစ်သည်။

သို့ကလို ကြွက်ထောင်ချောက်ကို မျက်ဝါးထင်ထင် ကြုံတွေ့လာရပြီ ဖြစ်သည့်တိုင်   ကိုယ်နဲ့မဆိုင်သလို နေချင်သည့်အုပ်စုက ယခုအချိန်ထိ ရှိနေကြတုန်း။ ငါ့အိမ် မီးရှို့မခံရသေးသရွေ့၊ ချိပ်ပိတ်မခံရသေးသရွေ့၊ ငါကိုယ်တိုင်အပါအဝင် ငါ့သား၊ ငါ့ဆွေမျိုး ထောင်မကျသေး၊ အသတ်မခံရသေးသရွေ့ ငါနဲ့မဆိုင်ဟုများ  တွေးထင်နေကြလေရော့လား မသိ။ ငါတို့က ဘာမှမလုပ်လို့၊ ကြား‌နေ၊ ဘက်မလိုက်သူမို့လို့ ကင်းလွတ်ခွင့် ရမည်ဟုလည်း တွေးနေသည်လော မပြောတတ်။ တကယ်တော့ ဒါတွေကလည်း သူတို့၏ တထွာတမိုက် အတွေးမျှသာ ဖြစ်သည်။ လက်တွေ့မှာတော့ သူတို့လည်း တနည်းမဟုတ်တနည်း ထိခိုက်လာနေပြီ ဖြစ်သည်။ ကျန်တာမကြည့်နှင့်။ လျှပ်စစ်မီး၊ ရေ မလုံလောက်မှုကအစ ဆန်ဈေး၊ ဆီဈေး စသည့် ကုန်ဈေးနှုန်းမြင့်တက်မှုအလယ် စက်သုံးဆီဈေး ခေါင်ခိုက်မှု၊ လုပ်ကိုင်စားသောက်ရန် ခက်ခဲလာမှုအဆုံး လူတို့၏ နိစ္စဓူဝ ကိစ္စများမှာပင် ဒုက္ခပင်လယ်ဝေနေကြရပြီ မဟုတ်ပါလား။ ထိုအထဲတွင် ကြားနေမို့၊ ဘာမှမလုပ်လို့ဆိုပြီး ထိုဆင်းရဲဒုက္ခများ ပြေလျော့သွားပါသလော။ ထို့အတူ စိတ်ရောကိုယ်ပါ လုံခြုံမှု ဆိုတာကရော အာမခံချက် ရှိပါသေးသလော။ ဝေးပါသေးသည်။ ဤသည်မှာ ကြွက်ထောင်ချောက်သည် မည်သူ့ကိုမျှ ကင်းလွတ်ခွင့် မပြုကြောင်း သက်သေပြလိုက်ခြင်း ဖြစ်သည်။

ထို့အတွက်ကြောင့် ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး နေကြသူများ အလေးအနက်ထား စဉ်းစားသင့်ပြီ ဖြစ်သည်။ ယခုအတိုင်းပဲ ဘာသိဘာသာနေရင်း တဖြည်းဖြည်း လုံးပါးပါးကာ စစ်ကျွန်ဘဝ အရောက်ခံမည်လား၊ သို့မဟုတ် လက်ရှိအခြေအနေကို အာရုံစိုက်ကာ စစ်ကျွန်ဘဝက အမြန်ဆုံး လွတ်မြောက်ဖို့ ပြည်သူတရပ်လုံးနဲ့အတူ ကိုယ်နိုင်ရာဝန်ကို‌ ထမ်းဆောင်ရင်း တော်လှန်ရေးမှာ ပါဝင်ကြမည်လော။ သင့်ရွေးချယ်မှုသည် သင့်ကံကြမ္မာပင် ဖြစ်ပေသည်။

တင်ဦး

ကိုးကား -  စာအုပ်အမည်- ဘာကြောင့်ဒီမိုကရေစီလိုချင်ရသလဲ

ရေးသူ-ဖေမြင့်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024