Home
ဆောင်းပါး
သတိုးအရူးနဲ့ သင်းကွပ်ခံနွား
DVB
·
April 27, 2022

“ဟယ်… သတိုး အရူး…။ စစ်တို့၏ သဘောတွင် သစ္စာမှန်သည်ရှိဖူးသလော..။ ငါ့ကိုနင်ရလည်းသတ်မည်။ နင့်ကို ငါရလည်းသတ်မည်။ စစ်အတွင်းမှာ ပြုသည့်သစ္စာသည် သစ္စာကို ဖြောင့်မှန်သည်ဟု မင်းယုံမည်လော…။” ဒီ စကားကိုပြောခဲ့သူက လဂွမ်းအိမ်ပါ။ နိုင်ပန်းလှရဲ့ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း”ထဲက ကောက်နုတ်ထားတာ။ 

အားလုံးသိပြီးသားသမိုင်အဖြစ်အပျက်တခုပါပဲ။ ဒါပေမဲ့ ဇာတ်ရည်လည်အောင်တော့ အနည်းငယ်ပြန်ပြော ပါရစေ။ အင်းဝနဲ့ ဟံသာဝတီ နှစ်ဘက်စစ်ဖက်ပြုစဉ်အချိန်ကပေါ့။ နှစ်ရှည်ကြာစစ်ဖက်ပြုကြရင်း အင်းဝမင်းခေါင်နဲ့ ဘုရင်ရာဇာဓိရာဇ်တို့ ရင်ကြားစေ့ဖို့ အဝဘက်က အင်းပဲသူကြီးဆိုသူကို စေလွှတ်စကားဆိုစေတာပေါ့။ ရာဇာဓိရာဇ်က သူ့မူးမတ်တွေကို အခြေနေစုံပြောပြပြီး သဘောထားကိုအမေးရှိတာပေါ့။

သူက..“ဘုရင်မင်းခေါင်သည် မြသီတင်းဘုရားရင်ပြင်တွင် ငါနဲ့သစ္စာဆိုခဲ့ပြီးသည်ကို ဖောက်ပြန်၍ အလုံးအရင်း ဆင်၊ မြင်းများစွာနဲ့ချီလာသည်။ ဟံသာဝတီပြည်ကို အရယူမည်ကြံသည်။ ယခုငါတို့ကို မတိုက်နိုင်။ ရိက္ခာပြတ်၍ ငတ်မွတ်တော့မည့်အရေးကို တွေးတောကြောက်သဖြင့် နှစ်ဖက်သောမှူးမတ်ကြီးငယ်များအား အချင်းချင်းသစ္စာပြုစေလိုသည်ဟု ငါ့ထံအရေးဆိုလာသည်။ သစ္စာပြုပြီး အင်းဝသို့ပြန်လေမည်ဟုဆိုသည်။ သည်အရေးကို မင်းတို့ ပသို့မြင်သနည်း”။ လို့ သမိုင်းဖြစ်ရပ်ကိုထောက်ပြပြီး သူ့မူးမတ်တွေထံက အကြံပြုစကားတောင်းလိုက်တာ။

တကယ်တော့အခုမှမဟုတ်ဘူး။ ဟံသာဝတီ၊ အင်းဝတို့ရဲ့ အနှစ်လေးဆယ်စစ်မှာကတည်းက စစ်ရေးစစ်ရာမှာ အရှုံးဘက်ပြနေတဲ့ဘက်က စေ့စပ်ဆွေးနွေးဖို့ ပရိယာယ်ဆင်ကမ်းလှမ်းခဲ့တာပဲ။ အခု နစကကလည်း သူ့စစ်ရေး နိမ့်ကျလာမှုအပေါ်ကနေ ၂၂.၄.၂၂ နေ့မှာ ကာ/ချုပ်က ‘တွေ့ဆုံဆွေးနွေကြဖို့ စကားကမ်းလှမ်းသံကြားလိုက်ရတော့ ‘ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း’ကို သွားသတိရမိလို့ပါ။

တဆက်တည်းသတိရမိတာတခုကတော့ “စစ်တွင်းကတိသစ္စာဆိုတာ အဖြောင့်မရှိတတ်”ဆိုတဲ့ စကားပေါ့။ ပဒေသရာဇ်ခေတ်ကလည်း အဖြောင့်မရှိသလို ဗိုလ်နေဝင်းကာလကလည်း အဖြောင့်မရှိခဲ့ဘူး။ ဗိုလ်နေဝင်းလည်း ဦးနုကို ‘သူ့အနေနဲ့ အာဏာမသိမ်းယူပါဘူး” လို့ ကတိသစ္စာပြုခဲ့တာပဲလေ။

၁၉၅၈ ခု အိမ်စောင့်အစိုးရလက်ထက်မှာ “တပ်မတော်က အာဏာသိမ်းမည်ဆိုလျှင် ကျနော့်အနေနဲ့ ခေါင်းဆောင် အဖြစ်လည်းကောင်း၊ နောက်လိုက်အဖြစ်လည်းကောင်း မည်သည့်နည်းနှင့်မျှ ပါဝင်မည်မဟုတ်ပါ”လို့ ကတိသစ္စာစကားဆိုခဲ့သေးတယ်။ နောက်တော့လည်း အာဏာသိမ်းခဲ့တာ ပါပဲ။ ဦးနုလည်း ‘သတို့အရူး’ဖြစ်သွားခဲ့တာပဲ မဟုတ်လား။ စစ်တွင်းကာလငြိမ်းချမ်းရေးမှာ ကောက်ကျစ်သူစကား ယုံစားမိရင် သတိုးရူးဖြစ်သွားတတ်တယ်။

တခါ နဝတကာလကို ကြည့်လိုက်ပြန်တော့လည်း ဗိုလ်စောမောင်ကိုယ်တိုင် စစ်တန်းလျား ပြန်မယ်လို့ ကတိသစ္စာ ဆိုသေးမို့လား။ ပြည်သူအားလုံး အဟုတ်ထင်မှတ်ခဲ့ကြသေးတယ်။ ‘သတိုးအရူး’တွေဖြစ်ခဲ့သေးသပေါ့။ ဗိုလ်စောမောင်ကို အာဏာသိမ်းခဲ့တဲ့ ဗိုလ်သန်းရွှေကျတော့ကော ဘာထူးလဲ။ အဲ့ဒီတုန်းက နိုင်ငံတကာကို လှည့်စားဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတော့မှာလိုလို ညီလာခံကိုဒေါ်အောင်ဆန်းကြည်တို့ တက်တော့မလို။ ဒေါ်စုနဲ့ တွေ့ဖို့ သူ့လူတွေလွှတ်ပြီး စကားအမျိုးမျိုး မုသားအသွယ်သွယ်လုပ်လွန်းတဲ့အဆုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်က “ကိုကျော်ဝင်း(ထောက်လှမ်းရေး)။ ရှင်တို့တတွေ ဗိုလ်ကြီးတွေ၊ ဗိုလ်ချုပ်တွေလုပ်နေကြပြီးတော့မှ ကတိမတည်ကြဘူး”လို့ ပြစ်တင်စကားဆိုခဲ့ဖူးသေးရဲ့။ 

မင်းအောင်လှိုင်အာဏာလုချိန်မှာလည်း ကတိအမျိုးမျိုးပြုပြီး ‘စွန့်ပြီးသား ကိုယ့်မစင်ကို ကိုယ်ပြန်လျက်ခဲ့တာ’ပဲမို့လား။ “တပ်မတော်သည် နိုင်ငံရေးအဖွဲ့အစည်းမဟုတ်’လို့ တပ်ချုပ်ပြောဆိုပြီး မီဒီယာတွေမှာ သမိုင်းသက်သေထူခဲ့တယ်။ နောက်မကြာပါဘူး။ “လက်နက်ကိုင်များနှင့် ငြိးချမ်းရေးမရလျှင် တပ်မတော်သည် နိုင်ငံရေးက မထွက်”ဆိုပြီး မီဒီယာတွေက ပြန်ပြောင်းမှတ်တမ်းတင်ကြပြန်တယ်။

“မြန်မာ့နိုင်ငံရေးမှ တပ်မတော်ကို ဖယ်ထုတ်မည်ဆိုပါက မှားသွားလိမ့်မည်ဖြစ်ပြီး ဆိုးကျိုးများစွာခံစားရလိမ့်မည်”လို့ ဗိုလ်မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ၂၀၀၈ခြေ/ဥပြင်မယ့်သူတွေကို ကြိမ်းလိုက် ခြိမ်းခြောက်လိုက်သေးရဲ့။ အဲ့လိုရှေ့စကားနဲ့နောက်စကား မညီမညွတ် ကချွတ်ကချော်လုပ်ခဲ့သေးတာပဲလေ။

“ကျနော်ဟာ ဥပဒေကိုလေးစားသူဖြစ်တဲ့အတွက် ဥပဒေနဲ့အညီအသက် ၆၀ ပြည့်တာနဲ့အငြိမ်းစားယူမယ်”လို့ နိုင်ငံခြားသတင်းမီဒီယာကြီးတခုကိုလည်း ကမ္ဘာသိ ‘သတိုးအရူး’လုပ်ခဲ့သေးတယ်။ အသက် ၆၀ လည်းပြည့်ရော “သူ့လောက်တော်တဲ့လူ တပ်မတော်မှာမရှိလို့ ဆက်လုပ်ရဦးမယ်”လို့ ဆိုပြန်တယ်။

ပြီးတာနဲ့ ဥပဒေကို ၆၅ နှစ်အထိ ပြောင်းလဲထုတ်ပြန်လိုက်သေးရဲ့။ တကယ်လည်းတပ်ထဲမှာ သူ့လောက်တော်တဲ့သူမရှိတော့ဘူးထင်ပါရဲ့။ အာဏာလည်းလုယူပြီးရော ‘တပ်/ချုပ်ရာထူးဟာ အသက်ကန့်သတ်ချက်မရှိ’လို့ ထုတ်ပြန်လိုက်တယ်။ ဥပဒေပညာရှင်တွေ ခပ်ညံ့ညံ့စစ်ဗိုလ်ချုပ်တွေလည်း  ‘သတိုးအရူးတွေ’ ဖြစ်ကုန်တော့တာပေါ့။ သူပြောသလို အရည်ချင်း ရှိ/မရှိ ဆိုတာ ဒီနေ့ စစ်တပ်အခြေနေ ကြည့်လိုက်တော့ ဟုတ်နေသယောင်ယောင်။

ဟော ၂၀၂၀ ရွေးကောက်ပွဲမှာလည်း “အနိုင်ရတဲ့ပါတီကို လက်ခံမှာပါ။ ပြည်သူကရွေးချယ်ထားတာပဲ လေးစားရမှာပေါ့”တဲ့ ။ ရွေးကောက်ပွဲပြီးလို့ NLDပါတီ အနိုင်ရ‌သွားတဲ့အခါမှာတော့ သူ့လက်ကိုင်တုတ် စစ်အစေခံတပ်တွေနဲ့ အာဏာကို လုယူလိုက်တော့တာပါပဲ။ ပြည်သူတရပ်လုံးလည်း ‘သတိုးအရူး’တွေဖြစ်လို့ပေါ့။ စစ်တပ်အတွက်ကတော့… “ကတိသစ္စာဆိုတာ  မုသားစကားဆိုခြင်းကိုခေါ်တာ”လို့ အစဉ်အဆက်က သင်ကြားသိနားလည်ခဲ့ကြ ဟန်ပါပဲ။ အစဉ်အဆက် ဆိုလိုက်ကြတဲ့မုသားစကား ။ ဖျက်လိုက်ကြတဲ့ ကတိသစ္စာ။ 

ကဲ အခုလည်း ဗိုလ်မင်းအောင်လှိုင်က ကတိစကားတွေနဲ့ တွေ့ဆုံဆွေးနွေးကဖို့ နုတ်မြွက်ချိုသာ ဖွင့်ဟလာပြန်ပါပြီ။ ‘သတိုးအရူး’ ဘယ်နှစ်ယောက်ထွက်ပေါ်လာဦးမလဲမသိ။ တကယ်တော့ စကစတပ်ဟာ ဘက်ပေါင်းစုံ အကျပ်အတည်းဖြစ်နေတာ။ စစ်ရေးမှာလည်း အရှုံးကြီးရှုံးနေတယ်။ စီးပွားရေးမှာလည်း နလန်မထူတော့။ နိုင်ငံရေးကို ကြည့်ပြန်တော့လည်း တချိန်က ပြည်သူချစ်တဲ့တပ်လို့ဆိုခဲ့ပေမဲ့ ဒီနေ့အခြေနေက ပြည်သူမုန်းတဲ့စစ်တပ် ဖြစ်နေပြီ။ မုန်းယုံမက ရွံ့ရှာစက်စုတ်တဲ့အဆင့်။ လောက်ကောင်တွေအဖြစ် နှလုံးနာ အော်ဂလီဆန်စရာ စစ်တပ် ဖြစ်လို့နေပါပြီ။

အခုလောလောလတ်လတ်မှာလည်း စစ်ကိုတိုင်း မုံရွာ၊ ကနီ၊ ယင်းမာပင်၊ ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က တရုပ်ဝမ်ပေါင်နဲ့ ဦးပိုင်တို့ရဲ့ ကြေးနီတောင်ကို ဆက်လက်လုပ်ခွင့်မပြုတော့ကြောင်း သတိပေးတဲ့စာတွေထွက်လာတယ်။ နိုင်ငံအတွက်၊ ဒေသအတွက်လည်း အကျိုးမပြုတဲ့ ကြေးနီတောင်စီမံကိန်းကို ခွင့်မပြုတော့ဘူးလို့ဆိုတယ်။ တကောင်းနီကယ်စက်ရုံတုန်းကတော့ NUG ကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ ပြောခဲ့ဖူးရဲ့။ အခု တော့ တရုတ်ကြီးလည်း ထိုင်မရ၊ ထမရနဲ့ နစကကို ‘ဘယ်လိုအကာကွယ်ပေးမလဲ’ လို့မေးရပြီ။ 

ဒီတော့ ရှေးဆရာကြီးများလုပ်ရိုးလုပ်စဉ်အတိုင်း “ယာယီအပစ်အခတ်ရပ်စဲရေးလုပ်။ ငြိမ်းချမ်းရေးလေလည်ပြ။ ကမ်းလှမ်းဖိတ်ခေါ်။ ဖိတ်ခေါ်စဉ်အတွင် တိုက်ပွဲတွေမလုပ်ဖို့ပြော။ တိုင်ရင်းသားလူမျိုးစု လက်နက်ကိုင်တွေဘက်ကို ပို့ထားတဲ့ စစ်ကျွန်လက်ပါးစေတွေပြန်ခေါ်။ စစ်ကိုင်းကို ထပ်မံစေလွှတ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေကို နှိမ်နင်းပြီး ဝမ်ပေါင်နဲ့ ဦးပိုင်ရဲ့ ကြေးစင်တောင်ကို အကာကွယ်ပေးမယ်”လို့ တရုတ်ကိုဖြေရုံမှတပါး အခြားမရှိပြီ။ တကယ်တော့ မင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်ချက်ဟာ ဆေးမြီးတို ယာယီကုထုံးတခုသာဖြစ်တယ်။

ဒီအခြေနေမှာ သွားလေသူ ကေအန်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောဘိုမြရဲ့ ပြောစကား သတိရမိရဲ့။ သူက  “ရန်သူနဲ့ တွေ့ဆုံညှိနှိုင်းရေးလုပ်တဲ့သူ၊ အဖွဲ့အစည်းတွေဟာ ဂွေးသင်းခံထားရတဲ့ နွားများလိုပဲ ဝှေ့လည်းမဝှေ့ရဲတော့ဘူး။ မျိုးဆက်လည်း ဆက်မတိုးပွားနိုင်တော့ဘူး။ ဒါပေမဲ့ ဝတော့ ဝလာတယ်။” တဲ့။

ကဲ ဘယ်အဖွဲ့အစည်းတွေက မျိုးဆက်တုံးသွာမလဲ။ ဘယ်အဖွဲ့တွေက ဝလာမလဲ။ ဘယ်သူတွေကတော့ ‘သတိုးအရူး’ ဖြစ်လာမလဲဆိုတာကိုတော့ မကြာမီ တီဗွီစခရင်မှာ မြင်တွေ့ရတော့မှာဖြစ်ကြောင်းပါခင်ဗျာ။

ဂန္ထဝင်မောင်ထူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024