Home
မြန်မာသတင်း
ဘီးလင်းတွင် စစ်ရေးပိုမိုတင်းမာလာသဖြင့် ဒေသခံ ၇၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရ
DVB
·
April 26, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNDO/KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်စစ်ရေး ပိုမိုတင်းမားလာမှုနဲ့အတူ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ ၇၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU တပ်မဟာ(၁) သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) က ဘီးလင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ လေးကေနဲ့ဝင်းတာပန်စခန်းက စစ်ကောင်စီတပ်ဖွဲ့တွေကို ဧပြီ ၂၃ ရက်နေ့ နောက်ဆုံးထား ထွက်ခွားပေးဖို့ သတိပေးစာထုတ်ပြန်ပြီးနောက် နှစ်ဖက် စစ်ရေးအခြေအနေ ပိုမို တင်းမားလာခဲ့တာ ဖြစ်ပါတယ်။

အခုအခါမှာတော့ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်နဲ့ မြစ်ကျိုးကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၉ ရွာက ဒေသခံပြည်သူ ၇၀၀၀ နီးပါး ဘေးလွတ်ရာ တောတောင်တွေနဲ့ နီးစပ်ရာကျေးရွာတွေကို အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေရပါတယ်။

KNU တပ်မဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေအနေနဲ့ KNU ကို ဆက်သွယ်ပေးဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ DVB ကို ပြောပါတယ်။

လက်ရှိမှာတော့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ အခြေခံ စားနှပ်ရိက္ခာတွေဖြစ်တဲ့ ဆန်နဲ့ ဆေးဝါး အပါအဝင် အခြေခံ စားသောက်ကုန်တွေ လိုအပ်နေတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၃ ရက်နေ့ ညပိုင်းက ဘီးလင်းမြို့နယ် ဒေါဇံကြီးကျေးရွာမှာ စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် အမျိုးသမီး၂ ဦး ကျဉ်စထိမှန် ဒဏ်ရာရှိခဲ့သလို နေအိမ် ၅ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ဧပြီ ၂၄ ရက်နေ့ကလည်း စစ်ကောင်စီနဲ့ BGF ပူးပေါင်းစခန်းက လက်နက်ကြီး ပစ်ခတ်တာကြောင့် လေးကေကျေးရွာရှိ လူနေအိမ် ၃ လုံးလက်နက်ကြီး ထိမှန်ပျက်စီးခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ KNDO/KNLA ပူးပေါင်းတပ်ဖွဲ့တို့ စစ်ရေး တင်းမားနေတာကြောင့် နှစ်ဖက် တိုက်ပွဲ ပြင်းထန်လာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024