Home
မြန်မာသတင်း
စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သည့် ယောဒေသရှိ စစ်ဘေးရှောင် ၁၀၀၀၀ ကျော် အကူအညီလိုအပ်
DVB
·
April 23, 2022

စစ်ကောင်စီတပ်တွေက ရွာလုံးကျွတ် အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့လို့ ထွက်ပြေးတိမ်းရှောင်နေကြ ရတဲ့ ယောဒေသက စစ်ဘေးရှောင်ဦးရေ ၁၀,၀၀၀ ကျော်ဟာ အရေးပေါ် အကူအညီတွေများစွာ လိုအပ်နေတယ်လို့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများကူညီရေးကော်မတီ (YRCIDP) က ထုတ်ပြန်ပါတယ်။

ယောဒေသအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို အဆိုပါရွာတွေကို စစ်ကောင်စီတပ်တွေက မကြာခဏ စစ်ကြောင်းထိုးလို့ ပြည်သူတွေဟာ အိုးအိမ်တွေစွန့်ခွာထွက်ပြေးနေရပြီး ယောနယ်တခုလုံးမှာ အိမ်ခြေပေါင်း ၅၀၀ ကျော် မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။

ဒေသခံပြည်သူတွေဟာ အိုးမဲ့အိမ်မဲ့ဘဝနဲ့ တောတောင်တွေထဲမှာ ခက်ခဲဆင်းရဲစွာ ရုန်းကန်နေရပြီး ယောနယ် စစ်ဘေးရှောင်တွေအတွက် အစားအစာ၊ သောက်ရေနဲ့ ဆေးဝါးတွေ အဓိကလိုအပ်နေတယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ အလှူရှင်တွေအနေနဲ့ အဆိုပါ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေရေး၊ စားရေး၊ ကျန်းမာရေး၊ ပညာရေး အဝဝကို ကူညီလိုပါက Page Messenger ကတဆင့် ဆက်သွယ်ကူညီပေးနိုင်ကြောင်း ထုတ်ပြန်ထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

သုတေသနအဖွဲ့တခုဖြစ်တဲ့ Data for Myanmar အဖွဲ့က ထုတ်ပြန်ချက်မှာတော့ စစ်တပ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ လက်ပါးစေ အဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၉,၁၈၇ လုံးရှိခဲ့ပြီး အဲဒီ ဖြစ်စဉ်တွေဟာ နေရာပေါင်း ၂၅၄ နေရာလောက်မှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

လတ်တလောအချိန်ထိ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့အတွက် လူနေအိမ်ခြေ ပျက်စီးဆုံးရှုံးမှု အစဉ်လိုက်စာရင်းမှာတော့ ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တွေက ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်နေပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာနိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ရသူဦးရေ ၉ သိန်းကျော် ရှိလာပြီး အဲဒီအထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် အိုးအိမ်စွန့်ခွာရသူဦးရေ ၅၆၀,၀၀၀ ကျော် ပါဝင်နေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024