Home
မြန်မာသတင်း
ထန်းတပင် - ဇရပ်ကြီးတံတားပေါ်ရှိ စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ
DVB
·
April 22, 2022

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင် (ထော်တထူ) မြို့နယ်၊ တပြေးကျေးရွာ ထန်းတပင် - ဇရပ်ကြီးတံတားမှာ ဧပြီ ၂၂ ရက် မနက် ၃ နာရီလောက်က လုံခြုံရေးရယူထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို လက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တယောက်  ပွဲချင်းပြီး သေဆုံးကာ ဗိုလ်အဆင့်ရှိသူ တယောက် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တဲ့အတွက် နေပြည်တော်မှာ ဆေးကုသမှုခံယူဖို့ အိမ်စီးကားနဲ့ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

တပြေးကျေးရွာသားတယောက်က "မနက်အစောကြီး တံတားဂိတ်ဘက်မှာ နှစ်ဘက် သေနတ်ပစ်သံတွေ ကြားရတယ်။ ဒီမနက်စောစောကျမှ စစ်သား တယောက်သေပြီး ဗိုလ် တယောက်ထိတယ်လို့ သိရတယ်။ ဒဏ်ရာက ပြင်းထန်ပုံရတယ်။ စစ်ဗိုလ်ကို အိမ်စီးကား တစီးနဲ့ နေပြည်တော်ကို သွားပို့တယ်လို့ ကြားတယ်” လို့ ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတားအနီးနဲ့ ကျေးရွာလမ်းမကြီးတလျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူထားပြီး တံတားပေါ်က ဖြတ်သန်းသွားလာတဲ့ လူ၊ ဆိုင်ကယ်နဲ့ ကားတွေကို တားဆီးစစ်ဆေးနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ခုခံစစ်ကနေ ထိုးစစ်ကို ပြောင်းလဲတော့မှာဖြစ်ကြောင်း တရားဝင် ကြေညာလိုက်ပြီးနောက် စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်တာတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ အများအပြား ရှိလာပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024