ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နဲ့ မကွေးတိုင်း ဆောမြို့ကြားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြားတိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဘယ်လိုအရေးကြီး အကြောင်းကိစ္စတွေရှိရှိ ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ ကန်ပက်လက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CDF Kanpetlet) က သတိပေးထားပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဧပြီ ၂၁ ရက် မနေ့က ဆောမြို့ကနေ ကန်ပက်လက်ကို အင်အား ၆၀ ကျော်နဲ့ စစ်ကြောင်းထိုးတက်လာကာ ကန်ပက်လက်မြို့ပေါ်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကလည်း အင်အား ၈၀ လောက်နဲ့ စစ်ကြောင်းထိုး ဆင်းလာတာမို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်အင်အား၊ ကျည်အင်အား မမျှတာတွေ၊ နှစ်ဖက်ညှပ်တိုက်ခံရတာတွေကြောင့် CDF Kanpetlet ဘက်မှာလည်း အထိအခိုက်တွေ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကန်ပက်လက် CDF ရဲ့ တပ်မဟာဌာနချုပ်ကို ပြီးခဲ့တဲ့ မတ် ၁၅ ရက်က စွန့်ခွာခဲ့ရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း မြို့နယ်အတွင်းရော မြို့နယ်ပြင်ပမှာပါ တိုက်ပွဲပေါင်းများစွာ ဆက်လက် ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီး တနှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေကြား တိုက်ပွဲတွေလည်း မြို့ရွာအနှံ့ ပြင်းထန်နေပြီး စစ်အုပ်စုဟာ လူမဆန်စွာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ ဥပဒေမဲ့ လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။