အကျပ်အတည်းများ

သင်္ကြန်ရက်ထဲ သွားစရာ လာစရာ သိပ်မရှိပေမယ့် ဆီတကြိမ်တော့ ထည့်ဖြစ်ခဲ့တယ်။ ၉၂ အောက်တိန်း၊ တလီတာ-၁၇၉၀ နှုန်း။ ဟိုဘက်ရက်တွေတုန်းက ၂၁၀၀ ကျော်အထိ တက်သွားတဲ့ အောက်တိန်း ၉၂ ဆီဈေးက ဒေါ်လာကို ဗဟိုဘဏ်က ထိန်းချုပ်လိုက်ပြီးတဲ့ နောက်မှာတော့ ၁၇၃၀ ဆိုပြီး ဆီဆိုင်တွေက အယ်လ်အီးဒီဘုတ်တွေမှာ တွေ့လာရတယ်။ ဆီက ထည့်မယ့်သာ ထည့်လိုက်တာ၊ ဆိုင်တိုင်းမှာ ဝယ်မရတာကို သတိမထားဖြစ်ခဲ့ဘူး။ သင်္ကြန်ပိတ်ရက်တွေ ဖြစ်နေတော့ တချို့ဆိုင်တွေက “ပန့်” သန့်ရှင်းရေးလုပ်မယ်လို့ ကြေညာပြီး ပိတ်ထားသလို တချို့ဆိုင်တွေက တခါမှမလုပ်ဘူးတဲ့ ဆိုင်ထဲ ကွန်ကရစ်အသစ် ထပ်ခင်းတာ၊ သန့်ရှင်းရေး လုပ်နေကြတာလည်း တွေ့ရတယ်။

ဟော.. ဆီဇာတ်လမ်းက ဒီနေ့စပါပြီ။ မနက်မိုးလင်းကတည်းက ဆီဆိုင်တွေမှာ ကားတန်းရှည်ကြီး ဖြစ်နေပြီဆိုတဲ့ သတင်းကို ကြားရတယ်။ အရင်လို ကြိုက်သလောက်ထည့်လို့ မရတော့ဘူးလို့ ဆိုတယ်။ ၉၂ ဆိုရင် ၂၀၀၀၀ ကျပ်ဖိုးအထိပဲ ရောင်းတော့တယ်တဲ့။ ဒီပုံစံအတိုင်းဆို နောက်နေ့တွေ ဘယ်လိုလာမယ် မသိသေးဘူး။
လောင်စာဆီပြဿနာက အခု ကမ္ဘာနဲ့အဝန်း ကြုံနေရတဲ့ ပြဿနာတခုပါ ယူကရိန်းစစ်ပွဲနဲ့အတူ ကမ္ဘာမှာ လောင်စာဆီဈေးတွေ အနည်းနဲ့အများ မြင့်တက်သွားကြတယ်။ နိုင်ငံကြီး နိုင်ငံငယ်အားလုံး အနည်းနဲ့အများ ဈေးတက်ကြတယ်။ နိုင်ငံကြီးတချို့မှာ ဈေးတက်သွားတာ သိပ်အကြောင်းမဟုတ်ပေမယ့် နဂိုကတည်းက ဝင်ငွေလည်းမရှိ ထွက်ငွေတွေချည်းပဲ ရှိနေတဲ့ နိုင်ငံတချို့ကတော့ အခု ပြည်ပျက်ကိန်းနဲ့ ကြုံနေရပါပြီ။

အနီးစပ်ဆုံး ဥပမာက သီရိလင်္ကာပါ။ လူဦးရေ ၂၂ သန်းသာရှိတဲ့ အိန္ဒိယတောင်ပိုင်းက သီရိလင်္ကာကျွန်းနိုင်ငံမှာ အံ့အားသင့်ဖွယ် စီးပွားပျက်ကပ်နဲ့ အခု လောလောဆယ် ကြုံတွေ့နေရပြီး အစိုးရအဖွဲ့ကို နုတ်ထွက်ပေးဖို့ လူထုက တောင်းဆိုအုံကြွ ဆန္ဒပြပွဲကြီးတွေ ပေါ်ပေါက်နေတာ ဆယ်ရက်ကျော်လာပါပြီ။ လောင်စာဆီဝယ်ဖို့ အစိုးရမှာ ပိုက်ဆံမရှိ။ နိုင်ငံခြားသုံးငွေ ဒေါ်လာမရှိ။ တနိုင်ငံလုံးမှာ နေ့တဝက် (၁၂ နာရီ) ပဲ မီးလာတော့တယ်။ ဆီဈေးတွေ မတန်တဆ တက်လာတော့ သယ်ယူပို့ဆောင်ရေးတွေလည်း ရပ်ဆိုင်း၊ ကုန်ဈေးနှုန်းတွေလည်း အဆမတန် မြင့်တက်၊ အခြေခံစားကုန်ဈေးနှုန်း အားလုံး ဈေးတက်သွားတော့ လူထုမကျေနပ်မှုက အစိုးရဆီ ရောက်လာတယ်။ အစိုးရလက်ထဲ ဒေါ်လာမရှိတော့ နိုင်ငံခြားက လောင်စာဆီ၊ ဆေးဝါး၊ စတဲ့ မရှိမဖြစ် ကုန်စည်တွေ မတင်သွင်းနိုင်တော့ဘူး။ ဒါဟာ အစိုးရရဲ့ ညံ့ဖျင်းတဲ့ စီးပွားရေးစီမံခန့်ခွဲမှုကြောင့်လို့ဆိုပြီး လူထုက သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆာကို နုတ်ထွက်ပေးဖို့ လမ်းမပေါ် ထွက်လာကြတယ်။

ဧပြီလဆန်းပိုင်းကတည်းက စတဲ့ ဒီဆန္ဒပြပွဲတွေဟာ ခုချိန်ထိ မပြီးသေးဘူး။ ဆန္ဒပြသူတွေဟာ သမ္မတရုံးအနီး လမ်းမပေါ်မှာ နေ့စဉ်ရက်ဆက် သမ္မတ ရာဂျာပက်ဆာ နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြပေမယ့် သမ္မတကတော့ တုပ်တုပ်တောင်မလှုပ်ဘူး။ လမ်းပေါ်က ဆန္ဒပြပွဲတွေ အရှိန်အဟုန်ကောင်းလာတော့ ရာဂျာပက်ဆာဟာ ကာဖျူးအမိန့်ထုတ်ပြီး တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့တယ်။ ပြီးခဲ့တဲ့တပတ်ကတော့ ရာဂျာပက်ဆာဟာ အစိုးရဝန်ကြီးတဖွဲ့လုံးကို ရာထူးက ဖယ်ရှားပြီး ဖျက်သိမ်းလိုက်တယ်။ သူကိုယ်တိုင်နဲ့ သူ့ရဲ့အစ်ကိုဖြစ်သူ ဝန်ကြီးချုပ် မဟိန္ဒာ ရာဂျာပက်ဆာကတော့ နုတ်ထွက်ခြင်းမရှိဘဲ ကျန်ခဲ့တယ်။ ညွန့်ပေါင်းအစိုးရထဲက သူ့လွှတ်တော်အမတ်တွေလည်း အတိုက်အခံနဲ့ သွားရောက်ပူးပေါင်းပြီး ရာဂျာပက်ဆာအပေါ် အယုံအကြည်မရှိအဆို တင်သွင်းဖို့ ကြိုးစားနေကြတယ်။

ခုဆိုရင် သီရိလင်္ကာမှာ သမ္မတ ရာဂျာပက်ဆာ နုတ်ထွက်ရေး ဆန္ဒပြပွဲတွေဟာ ဆယ်ရက်ကျော်လာခဲ့ပြီ ဖြစ်တယ်။

ဘာကြောင့် သီရိလင်္ကာမှာ ခုလို အကျပ်အတည်းကြီးတခု ပေါ်ပေါက်လာရတာလဲ။ အံ့အားသင့်ဖွယ် ကောင်းစွာပဲ သီရိလင်္ကာဟာ ၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း အကြီးမားဆုံး စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ အဓိကပြဿနာဟာ အစိုးရလက်ထဲမှာ နိုင်ငံခြားသုံးငွေ အလုံအလောက် မရှိတော့တာ။ သီရိလင်္ကာနိုင်ငံဟာ လက်ရှိမှာ ပြည်ပကြွေးမြီ စုစုပေါင်း ၅၁ ဘီလီယံ အကြွေးဆပ်ရဖို့ ရှိနေတယ်။ ဒီအကြွေးတွေ ခုလောက်များပြားနေရခြင်းဟာ အစိုးရရဲ့ အလုပ်မဖြစ်တဲ့ အခြေခံအဆောက်အအုံ စီမံကိန်း အပါအဝင် စီမံခန့်ခွဲမှု အလွဲတွေကြောင့်လို့ ဆိုတယ်။

တရုတ်နိုင်ငံရဲ့ ချေးငွေအကူအညီနဲ့ တည်ဆောက်ခဲ့တဲ့ ဟမ်ဘန်တိုတာ ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ချေးငွေပြန်မဆပ်နိုင်လို့ တရုတ်နိုင်ငံလက်ထဲ ၉၉ နှစ် လုပ်ပိုင်ခွင့် ထိုးပေးလိုက်ရတယ်။ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သီရိလင်္ကာဟာ တရုတ်ရဲ့ ကြွေးမြီထောင်ချောက်ထဲ သက်ဆင်းသွားရတယ်လို့ ဝေဖန်မှုတွေ ရှိနေပေမယ့် ဒီအကြွေးဟာ စုစုပေါင်းပြည်ပကြွေးမြီရဲ့ ငါးပုံတပုံပဲ ရှိတယ်လို့ တလောက ဆောင်းပါးရှင်တဦးက ရေးသားတာ ဖတ်လိုက်ရတယ်။

ခုလို သီရိလင်္ကာ စီးပွားရေးကပ်ဆိုက်ရခြင်း အကြောင်းထဲမှာ ကိုဗစ်ကြောင့် တိုင်းပြည်ဝင်ငွေတွေ ထိခိုက်သွားတာ၊ ပြည်ပကို ထုတ်ကုန် မတင်ပို့နိုင်တာတွေလည်း ပါတယ်။ သီရိလင်္ကာရဲ့ အဓိကဝင်ငွေက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ ပြည်ပကို ကော်ဖီ၊ လက်ဖက်ခြောက် တင်ပို့ရောင်းချတာ ဖြစ်တယ်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက ကိုဗစ်ကြောင့် လုံးဝပျက်စီးသွားသလို ပြည်ပထွက် အလုပ်လုပ်ကြသူတွေရဲ့ ပြန်ပို့ငွေတွေလည်း မရှိတော့ဘူး။

နိုင်ငံခြားသုံးငွေ မလုံလောက်တော့တဲ့အခါ ချွေတာရေးအနေနဲ့ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်တဲ့ ဓာတ်မြေဩဇာ တင်သွင်းခွင့် အပါအဝင် မလိုအပ်တဲ့ သွင်းကုန် တင်သွင်းမှုကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။ ဓာတ်မြေဩဇာ သုံးစွဲခွင့်မရတဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ ထုတ်လုပ်မှု ကျဆင်းလာတော့ ပြည်ပကို မတင်ပို့နိုင်တော့ဘူး။ နောက်တခါ သီရိလင်္ကာ ရူပီးကို တရုတ်ယွမ်နဲ့ ချိတ်ဆက်ခဲ့သလို ငွေတန်ဖိုးကိုလည်း ချပစ်ခဲ့တယ်။

ပြီးခဲ့တဲ့ ဧပြီလ ပထမပတ်မှာပဲ သီရိလင်္ကာ ဗဟိုဘဏ်က ပြည်ပကြွေးမြီ အားလုံးကို လောလောဆယ် ပြန်မဆပ်နိုင်တော့တဲ့အကြောင်း ကြေညာလိုက်ရတယ်။ ခုလို အခြေအနေမျိုးမှာ သီရိလင်္ကာရဲ့ ထွက်ပေါက်က နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ငွေထပ်ချေးဖို့ပါပဲ။ ဒေါ်လာ ၃ ဘီလီယံ သို့မဟုတ် ၄ ဘီလီယံ ချေးငွေရရင် အသက်ရှူချောင်မယ်။

နေ့စဉ်နဲ့အမျှ လူထုအုံကြွ ဆန္ဒပြပွဲတွေနဲ့ ရင်ဆိုင်နေရပေမယ့် သမ္မတ ရာဂျာပက်ဆာဟာ ရာထူးက နုတ်ထွက်ခြင်းမရှိဘဲ ဒီရက်ထဲမှာ အစိုးရဝန်ကြီးအဖွဲ့သစ်ကို ထပ်မံရွေးချယ် ဖွဲ့စည်းလိုက်ပြန်တယ်။ ဒီတခါ ဖွဲ့စည်းလိုက်တဲ့ ဝန်ကြီးများစာရင်းမှာတော့ ရာဂျာပက်ဆာရဲ့ အမျိုးတွေ မပါတော့ဘူး။ အရင်ဝန်ကြီးအဖွဲ့ထဲမှာ သူ့ရဲ့ ဆွေမျိုးသားချင်းတွေ အများကြီး ပါနေတယ်။ ဘဏ္ဍာရေးဝန်ကြီးကတော့ ဒီနေ့ပဲ IMF က ပိုက်ဆံချေးဖို့ ဝါရှင်တန်ကို ထွက်သွားပါပြီ။

ပြဿနာအားလုံးရဲ့ အရင်းခံဟာ အစိုးရလက်ထဲမှာ နိုင်ငံခြားသုံးငွေ ကုန်ခန်းသွားတာပါ။ နိုင်ငံခြားသုံးငွေ မရှိတော့ လိုအပ်တဲ့ လောင်စာဆီနဲ့ အခြေခံကုန်စည်တွေကို အစိုးရက လုံလုံလောက်လောက် မတင်သွင်းနိုင်တော့ဘူး။ သီရိလင်္ကာ ပြည်သူတွေဟာ တနေ့ကို လျှပ်စစ်မီး ၁၂ နာရီသာ သုံးစွဲခွင့်ရရှိပြီး ကုန်ဈေးနှုန်းက မတန်တဆ မြင့်တက်ကုန်တယ်။ ဒီအခြေအနေမှာ သမ္မတ ရာဂျာပက်ဆာ နုတ်ထွက်ပေးဖို့ လမ်းပေါ်ထွက် စုဝေး ဆန္ဒပြနေကြတာ ဖြစ်တယ်။ ခုထိတော့ ရာဂျာပက်ဆာဟာ သမ္မတထိုင်ခုံမှာ တင်းခံနေဆဲဖြစ်ပြီး ဆန္ဒပြပွဲတွေကို အတင်းအကျပ် နှိမ်နင်းဖို့ ကြိုးပမ်းနေဆဲ ဖြစ်တယ်။ သူဟာ ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲကတဆင့် အနိုင်ရလာသူ ဖြစ်ပေမဲ့ ခုချိန်မှာ ပြည်သူတွေက သူ့ကို မလိုလားတော့ပါဘူး။

ဒီမိုကရေစီနိုင်ငံတွေမှာ ပဋိပက္ခတွေ၊ အကျပ်အတည်းတွေ ပေါ်လာတဲ့အခါ ပြည်သူတွေက သူတို့ရဲ့ မကျေနပ်မှုတွေကို လမ်းပေါ်ထွက် ဟစ်အော် ဆန္ဒထုတ်ဖော်ကြတယ်။ ဒီနိုင်ငံတွေမှာ အစိုးရတရပ်ရဲ့ စီမံခန့်ခွဲမှုအလွဲတွေအတွက် ပြန်လည်ပေးဆပ်ရတတ်တာ အဲဒီအစိုးရ ကိုယ်တိုင်ပါပဲ။ သီရိလင်္ကာ သမ္မတ ရာဂျာပက်ဆာအနေနဲ့ သမ္မတရာထူးမှာ ဘယ်အချိန်ထိ ဆက်ရှိနေဦးမှာ မသိနိုင်သေးပါဘူး။ ဆက်ရှိနေဦးမလား။ လွင့်သွားမလား ဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။

ဒီလအတွင်း တောင်အာရှ နိုင်ငံတခုဖြစ်တဲ့ ပါကစ္စတန်မှာလည်း အစိုးရအဖွဲ့ အပြောင်းအလဲတခု ဖြစ်ခဲ့တယ်။ နာမည်ကျော် ခရစ်ကက် ကစားသမားဘဝကနေ သမ္မတဖြစ်လာတဲ့ အီမရာခန် သမ္မတရာထူးက ဆင်းပေးလိုက်ရတာပဲ။ စီးပွားရေးစီမံခန့်ခွဲမှု အလွဲတွေနဲ့ မူဝါဒ အလွဲတွေကြောင့် ပါလီမန်က အီမရာခန်အပေါ် အယုံအကြည်မရှိအဆို တင်သွင်းမှာကို မလိုလားတဲ့အခါ ခန်ဟာ ပါလီမန်ကို ဖျက်သိမ်းဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ပါကစ္စတန်မှာ အမြင့်ဆုံး အင်စတီကျူးရှင်းတခု ဖြစ်တဲ့ ဗဟိုတရားသူကြီးအဖွဲ့က လက်မခံခဲ့တဲ့အတွက် အောင်မြင်မှုမရဘဲ နောက်ဆုံးမှာ ရာထူးက နုတ်ထွက်ပေးလိုက်ရတယ်။

အကျပ်အတည်းတွေက တနိုင်ငံနဲ့တနိုင်ငံ မတူညီကြပေမယ့် တူညီတာတခုက ဒီနိုင်ငံတွေဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းကြတာပဲ ဖြစ်တယ်။

ချစ်ဝင်းမောင်

//
More News
Up