တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာမှာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း စစ်ကောင်စီ တပ်သားတွေ နှစ်ကြိမ် တိုက်ခိုက်ခံခဲ့ရပြီး ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ ပြောက်ကျားတပ်ထံက သိရပါတယ်။
ဧပြီ ၂၀ ရက် မနက် ၉ နာရီခွဲက သိန္ဓောကျေးရွာအုပ်စု ဦးဆန်းအောင်ဆိပ်မှာ ဆက်ကြေးကောက်ခံနေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို ချောင်းမြောင်း ပစ်ခတ်ခဲ့တာလို့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ကနေ သိရပါတယ်။
အဆိုပါပစ်ခတ်မှုမှာ စစ်ကောင်စီတပ်သား တယောက် သေဆုံးခဲ့ပြီး လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ ဘက်မလိုက်ပြောက်ကျားအဖွဲ့ဘက်က ဒဏ်ရာရသူမရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဧပြီ ၂၁ ရက် ညနေ ၅ နာရီမှာလည်း သိန္ဓောကျေးရွာရှိ ခလရ-၁၇ တပ်ရင်းကို ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများအဖွဲ့နဲ့ Tanintharyi Defense Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ ၁၅ မိနစ်လောက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တယောက် သေဆုံးတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဘက်ကနေ လက်နက်ကြီးနဲ့ ၆ ချက် ပြန်ပစ်ခတ်ခဲ့ပေမဲ့ PDF ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူးလို့ ပြောပါတယ်။