Home
မြန်မာသတင်း
ထားဝယ်မြို့က စစ်တပ်ပိုင် Mytel အရောင်းပြခန်း ဝင်ရောက်စီးနင်းခံရ
DVB
·
April 21, 2022

တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ကရပ်ပြင်ရပ်ကွက်၊ အာဇာနည်လမ်းမကြီးပေါ်မှာရှိတဲ့ စစ်တပ်ပိုင် Mytel အရောင်းပြခန်းကို  ဧပြီ ၂၁ ရက် နေ့လယ် ၂ နာရီလောက်က ဝင်ရောက်စီးနင်းခံရပြီး ပေါက်ကွဲမှုနဲ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ထားဝယ်မြို့ခံတွေက ပြောပါတယ်။

အဲဒီစီးနင်းမှုကို Guerrilla Dawei ပြောက်ကျားတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်နှစ်ဦး သာမန်အရပ်သားပုံစံနဲ့ ရုံးအတွင်း ဝင်ရောက်ပြီးမှ စီးနင်းခဲ့တာဖြစ်တယ်လို့ Guerrilla Dawei တပ်ဖွဲ့က ပြောပါတယ်။

ဝင်ရောက်စီးနင်းစဥ် ရုံးအတွင်းက ကွန်ပျူတာနဲ့ CCTV တချို့ကို သေနတ်နဲ့ ပစ်ခတ်ဖျက်ဆီးခဲ့ပေမယ့် ရုံးဝန်ထမ်းတွေကို ပစ်ခတ်တာမျိုးတော့ မလုပ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။

ဝင်ရောက်စီးနင်းမှုအပြီး  ရုံးက Laptop နှစ်လုံးနဲ့ ပိုက်ဆံ ကျပ်ငွေ ၂၃၉၅၂၀၀ တိတိကို သိမ်းယူခဲ့ကာ ဆုတ်ခွာတဲ့အချိန်မှာတော့ ရုံးကောင်တာအနီး အဝေးထိန်းမိုင်းထောင်ထားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတဲ့အချိန်မှာ ဖောက်ခွဲခဲ့တယ်လို့သိရပါတယ်။

Guerrilla Dawei အဖွဲ့ရဲ့ တာဝန်ခံ ကိုပီတာကတော့ " ဝင်စီးပြီး အခန်းထဲဝင်ပုန်းနေတဲ့ ဝန်ထမ်းတွေကို အပြင်ထွက်ကြဖို့ အကြိမ်ကြိမ်ပြောတယ်၊ အဲဒါကို အခန်းတံခါးမဖွင့်ပဲ ဖုန်းတွေလျောက်ခေါ်နေလို့ ရုံးကောင်တာအနီးမှာ အဝေးထိန်းမိုင်းထောင်ပြီး စစ်ကောင်စီတပ်သားတွေလာတဲ့အချိန်မှာ ဖောက်ခွဲလိုက်တယ်" ဆိုပြီးပြောပါတယ်။

သိမ်းဆည်းရမိတဲ့ ပိုက်ဆံတွေကိုတော့ လက်နက်ဝယ်ယူဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အသုံးပြုမှာဖြစ်ပြီး Laptop နှစ်လုံးကိုတော့ လိုအပ်နေတဲ့ တော်လှန်ရေးမဟာမိတ်တွေထံ လှူဒါန်းသွားဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဝင်ရောက်စီးနင်းချိန် ၁၀ မိနစ်လောက် ကြာမြင့်ခဲ့ပြီး  စီးနင်းမှုအပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက် လာရောက်စစ်ဆေးစဥ် ဗုံးပေါက်ကွဲခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူးလို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024