မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် ကြွယ်ကန်ရွာမှာ ဧပြီ ၁၉ ရက် ညနေက မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် စာသင်ကျောင်း အပါအဝင် အဆောက်အဦ ၂၁ လုံး အမိုးလန် ပျက်စီးသွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"သွပ်ပြားတွေ လေထဲပျံနေတာ၊ ပြန်အကျမှာ ထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။ သစ်ပင်တွေလည်း ကျိုးတာကျိုး လဲတာလဲပေါ့။ လူနေအိမ်တွေနဲ့ စာသင်ကျောင်း၊ ဓမ္မာရုံ၊ သုသာန်ဇရပ်တွေ အမိုးလန်ပျက်စီးကုန်တယ်။"
မိုးသက်လေပြင်း တိုက်တာကြောင့် လူနေအိမ် ၁၈ လုံးနဲ့ အလယ်တန်းကျောင်းဝန်းထဲက မူလတန်းစာသင်ဆောင် အမိုးလန်သွားပြီး ဓမ္မာရုံ၊ သုသာန်ဇရပ် အပါအဝင် အဆောက်အဦပေါင်း ၂၁ ခု အမိုးလန် ပျက်စီးခဲ့တာပါ။
လူနေအိမ်ပျက်စီးပြီး ပြန်လည်နေထိုင်ဖို့ ခက်ခဲတဲ့ မိသားစုတွေကို နီးစပ်ရာ ဆွေမျိုးတွေဆီမှာ သက်ဆိုင်ရာ ကူညီကယ်ဆယ်ရေး အဖွဲ့တွေက နေရာချထားပေးတယ်လို့ သိရပါတယ်။
မိုးသက်လေပြင်း တိုက်ခတ်တာကြောင့် သစ်ပင်တွေနဲ့ အဆောက်အဦတွေ ပျက်စီးပေမယ့် လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။