ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်တို့မှာ အခုရက်ပိုင်း စစ်ကောင်စီတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတာကြောင့် ဘုန်းကြီးကျောင်းတကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပြီး ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအတွက် နှလုံးနဲ့သက်ဆိုင်တဲ့ ရောဂါတွေ စိုးရိမ်စရာဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၁၉ ရက်နေ့ မနက် ၃ နာရီလောက်မှာ လွိုင်ကော်အခြေစိုက်တပ်ရင်းတခုကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နေအိမ်အချို့နား ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။
လွိုင်ကော်မြို့ပေါ်နေ ဒေသခံတဦးက “အဆင်ပြေအောင် နေရတာပဲ။ အမိုးပဲ လန့်လို့ သေတော့မယ်။ စစ်ရှောင်ရာကနေ ပြန်ခေါ်လာတာ တပတ်ကျော်ပဲ ရှိသေးတာ ခုချကြပြန်ပြီ” လို့ ပြောပါတယ်။
လွိုင်ကော်မြို့ နာနတ်တောရပ်ကွက်နေ ပြည်သူတဦးကလည်း “အိမ်နားလာကျသလိုပဲ၊ ညက အသံကျယ်ပြီး အိမ်ပါတုန်တယ်” လို့ ပြောပါတယ်။
ဒီလိုအလားတူပဲ ဒီကနေ့ မနက်ပိုင်းမှာလည်း ကရင်နီပြည်နယ် ဒီးမောဆိုမြို့နယ် ငွေတောင် အခြေစိုက် ခလရ၁၀၂ ကနေပြီး တာဝေးပစ် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် ဘာသာရေးအဆောက်အဦ ပျက်စီးမှုရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ မနက် ၃ နာရီလောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒီးမော့ဆိုမြို့နယ် နောင်ပုလဲ ကျေးရွာအုပ်စု၊ လေးမိုင်ယပ်ခူး ကျေးရွာရှိ ဘုန်းကြီးကျောင်းတကျောင်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မနေ့ ဧပြီ ၁၈ ရက်နေ့ကလည်း လက်နက်ကြီး ကျရောက်တာကြောင့် ဒီးမော့ဆို အနောက်ခြမ်းက ပြည်သူ နေအိမ် ၃ လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဒီးမော့ဆိုမြို့နယ် သေးဆူလဲနဲ့ ကုန်းသာကျေးရွာ အနီးတဝိုက် ပြည်သူနေအိမ်တွေကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ဘာသာရေးအဆောက်အဦ ၁၆ လုံးထိ ပျက်စီးသွားခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက ထုတ်ပြန်ထားပါတယ်။
ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် (KCSN) ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့အထိ စစ်ကောင်စီတပ်ကြောင့် ကရင်နီပြည်မှာ နေအိမ်ပျက်စီးတာ၊ မီးရှို့ခံရတာ ၅၈၇ လုံး ရှိသွားပြီလို့ သိရပါတယ်။