ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဧပြီ ၁၅ ရက်က သင်္ကြန်မဏ္ဍပ်အနီး ဗုံးပေါက်တာနဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်သားတွေက အသက် ၈ နှစ်အရွယ် ကလေးအပါအဝင် လူငယ် ၃ ဦးကို ဖမ်းဆီးထားတယ် မြို့ခံတွေထံက သိရပါတယ်။
မအူပင်မြို့ပေါ်ကို ရွာဘက်ကနေလာပြီး သင်္ကြန်ပွဲဆင်နွှဲတဲ့ ကလေးတွေကို စစ်ကောင်စီ တပ်သားတွေက ဗုံးခွဲတဲ့သူတွေဆိုပြီး သင်္ကြန်အကြတ်နေ့မှာတင် ဖမ်းဆီးသွားတာလို့ ဒေသခံတဦးက ပြောပါတယ်။
“ငါးကြီးဂယက်က ကလေးက ၈ နှစ်ကျော်လောက်ရှိမယ်။ နောက်တော်တလုပ်က နှစ်ယောက်ကို အဲ့ညနေမှာ ဖမ်းသွားတာ ခုထိပြန်မလွတ်သေးဘူး။”
ခုလို အသက်မပြည့်သေးတဲ့ လူငယ်တွေကို ဖမ်းဆီးထားတာဟာ စစ်ကောင်စီက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး တရားဥပဒေစိုးမိုးရေးကို ဥပဒေမဲ့ပြုလုပ်နေတာသာ ဖြစ်တယ်လို့ ဒေသခံက ဆိုပါတယ်။
ဒါ့အပြင် မအူပင်မြို့မှာ ဗုံးပေါက်တာတွေနဲ့ စစ်ကောင်စီသတင်းပေးတွေ ရှင်းလင်းခံရတိုင်း မဆိုင်တဲ့ အပြစ်မဲ့ပြည်သူတွေကိုသာ စစ်ကောင်စီတပ်သားတွေက စွပ်စွဲဖမ်းဆီးလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း မအူပင်၊ ပုသိမ်၊ ကျောင်းကုန်း၊ ဖျာပုံနဲ့ ဟင်္သာတစတဲ့မြို့တွေမှာ စစ်ကောင်စီက ပြုလုပ်တဲ့ သင်္ကြန်မှာ ဗုံးကွဲမှုတွေ ဖြစ်ပွားခဲ့တာပါ။