တရုတ် စစ်အသုံးစရိတ် တိုးမြှင့်မှု ဂျပန်ဝေဖန်ချက်အပေါ် တရုတ်တုံ့ပြန်

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် (ဓာတ်ပုံ - ရိုက်တာ)
1.7K
တရုတ်နိုင်ငံ စစ်အသုံးစရိတ် တိုးမြှင့်တာနဲ့ ပတ်သက်ပြီး ဂျပန်နိုင်ငံက ဝေဖန်ခဲ့ တာတွေအပေါ် တရုတ်နိုင်ငံက ပြီးခဲ့တဲ့ မတ် ၅ ရက်နေ့က တုံ့ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံ စစ်အသုံးစရိတ် တိုးမြှင့်တာဟာ နိုင်ငံရဲ့ တိုးတက်လာတဲ့ စီးပွားရေး အခြေအနေနဲ့ ကိုက်ညီအောင် အတော်အသင့် တိုးမြှင့်တာသာ ဖြစ်ပြီး လက်တွေ့ကျတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
[caption id="attachment_52811" align="alignright" width="300"]
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရပုဂ္ဂိုလ် (ဓာတ်ပုံ - ရိုက်တာ)[/caption]တခြားနိုင်ငံတွေက ပြောနေသလို တရုတ်နိုင်ငံဟာ ရန်လိုတယ်ဆိုတာ မဟုတ်ဘဲ တရုတ်နိုင်ငံ တည်ငြိမ်ရေး၊ ဒေသတွင်းငြိမ်းချမ်းရေးနဲ့ ကမ္ဘာကြီးငြိမ်းချမ်းရေးအတွက် တာဝန် ပိုလာလို့ စစ်အသုံးစရိတ်လည်း တိုးမြှင့်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ စစ်အသုံးစရိတ် ပြီးခဲ့တဲ့နှစ်ထက် ၁၂ ဒဿမ ၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၃၂ ဘီလီယံဖိုး သုံးစွဲမှာ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ အမြဲတမ်း လုံခြုံရေးအဖွဲ့ဝင် ၅ နိုင်ငံမှာ တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့ အများဆုံးစေလွှတ်တဲ့နိုင်ငံ ဖြစ်ပြီး အေဒင်ပင်လယ်ကွေ့အတွင်း ပင်လယ်ဓားပြ နှိမ်နင်းရေးမှာလည်း ရေတပ်ဖွဲ့တွေ ပုံမှန် စေလွှတ်နေတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ၂၀၁၄ ခုနှစ်အတွက် စစ်အသုံးစရိတ် ကြေညာအပြီးမှာပဲ ဂျပန်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ စစ်အသုံးစရိတ်အတွက် ပွင့်လင်းမြင်သာမှု မရှိတာကို ဝေဖန်ခဲ့ပါတယ်။
တရုတ်တပ်မတော်ဟာ သဘာဝအရ ကာကွယ်ရေးကိုသာ အဓိကထားတဲ့ ပွင့်လင်းမြင်သာတဲ့စစ်တပ် ဖြစ်ပြီး ရှုပ်ထွေးလာတဲ့ နိုင်ငံတကာပြဿနာတွေကို ရင်ဆိုင်နိုင်ဖို့ သင့်လျော်တဲ့ စစ်အသုံးစရိတ်တော့ ရှိရမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောခွင့်ရက ဆိုပါတယ်။
