အင်မရာခန်း၏ စွပ်စွဲချက် ပါကစ္စတန်စစ်တပ် ပယ်ချ

ဖြုတ်ချခံရတဲ့ ဝန်ကြီးချုပ် အင်မရာခန်းက သူ့ကို ပါလီမန်လွှတ်တော်က အယုံအကြည်မရှိ မဲခွဲဆုံးဖြတ် ထုတ်ပယ်ခဲ့ရာမှာ အမေရိကန်က ပူးပေါင်းကြံစည်ခဲ့တယ်လို့ စွပ်စွဲနေတာကို ပါကစ္စတန်စစ်တပ်က ပယ်ချလိုက်ပါတယ်။

စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဘာဘာ အီဖတီခါက “ကျနော်တို့ အသေအချာ စောင့်ကြည့်ပါတယ်၊ ဘာပူးပေါင်းကြံစည်မှုမှ မတွေ့ရပါဘူး” လို့ ပြောပါတယ်။

အမေရိကန်ကလည်း ခန်းရဲ့စွပ်စွဲချက် မဟုတ်မှန်ဘူးလို့ ငြင်းဆန်ပါတယ်။

အသက် ၆၉ နှစ်ရှိ ခန်းက လူဦးရေ သန်း ၂၂၀ ရှိ နျူကလီးယားပိုင်တဲ့နိုင်ငံကို ၃ နှစ်နဲ့ ၂ လ ဦးဆောင်ခဲ့တာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် စတင်ပြီး မတ်လထဲမှာ ခန်းက သမ္မတပူတင်ကို မော်စကိုမှာ သွားတွေ့တာကြောင့် အမေရိကန်က လက်မည်းကြီးနဲ့ သူ့ကို ဖြုတ်ချဖို့ ကြံစည်တယ်လို့ စွပ်စွဲနေတာပါ။

ခန်းကို ပါကစ္စတန်အောက်လွှတ်တော်က ဧပြီ ၁၀ ရက်နေ့မှာ မဲခွဲပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ မှာ ခန်း ရွေးကောက်ပွဲ အနိုင်ရအောင် စစ်တပ်က ကူညီခဲ့တယ်လို့လည်း အတိုက်အခံ ပါတီတွေက စွပ်စွဲတာပါ။

ဒါပေမဲ့ မနှစ်က ထောက်လှမ်းရေးအကြီးအကဲ ခန့်အပ်မှုမှာ ခန်းနဲ့ စစ်တပ်တို့ သဘောကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။ ဝန်ကြီးချုပ် အဖြုတ်ခံရမှုကြောင့် ခန်းရဲ့ပါတီမှ ကိုယ်စားလှယ် အတော်များများ ပါလီမန်က နုတ်ထွက်ခဲ့ပြီး ပါလီမန်ရွေးကောက်ပွဲကို ၂၀၂၃ မှာ ပြန်စတင်မှာပါ။

//
More News
Up