တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း စစ်ကောင်စီက ဦးဆောင်ကျင်းပနေတဲ့ သင်္ကြန်ပွဲတော်ကို သပိတ်မှောက်တဲ့အနေနဲ့ ဒီကနေ့ ဧပြီ ၁၄ ရက် သင်္ကြန်အကျနေ့မှာ အသံတိတ်သပိတ် ပြုလုပ်ခဲ့ကြပါတယ်။
အသံတိတ်သပိတ်ကို မနက် ၉ နာရီကနေ နေ့လယ် ၂ နာရီအထိ ပြုလုပ်ကြတာဖြစ်ပြီး ထားဝယ်မြို့ အပါအဝင် ထားဝယ်ခရိုင်အတွင်းက မြို့နယ်တွေဖြစ်ကြတဲ့ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်၊ ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်တို့က ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
လောင်းလုံးဒေသခံ ပြည်သူတဦးက "အသံတိတ်သပိတ်က မနက် ၉ နာရီမှ စမှာကို ၈ နာရီလောက်ကတည်းက လမ်းပေါ်မှာ လူတွေ မရှိသလောက်ဖြစ်နေပြီ၊ စစ်တပ်က ဟန်ပြလုပ်တဲ့ သင်္ကြန်ကို အသံတိတ်သပိတ်လုပ်ပြီး တုံ့ပြန်တာက တော်တော်ထိရောက်တဲ့ နည်းလမ်းပါပဲ" လို့ ပြောပါတယ်။
ထားဝယ်ခရိုင်အတွင်း အသံတိတ်သပိတ်ကို ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဦးဆောင်ပြုလုပ်တာပါ။
ကော်မတီဝင်တဦးက "အကြမ်းဖက်စစ်ကောင်စီက သင်္ကြန်ပွဲတော် ဟန်ပြကျင်းပပြီး တိုင်းပြည်အေးချမ်းသာယာနေပြီလို့ လိမ်ဖို့ကြိုးစားတယ်။ နောက်ပြီး တော်လှန်ရေးကို အရှိန်ကျသွားအောင် အခုလိုမျိုး အတုအယောင် ပျော်ရွှင်မှုတွေနဲ့ အစားထိုး လှည့်ဖြားတယ်။ ဒီလိုလုပ်ရပ်တွေကို ဆန့်ကျင်ဖို့အတွက် အခုလို အသံတိတ်သပိတ် လုပ်ရခြင်း ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
စစ်ကောင်စီကတော့ ထားဝယ်ခရိုင်အတွင်း သင်္ကြန်မဏ္ဍပ် ၆ ခု ဆောက်လုပ်ကာ သင်္ကြန်ပွဲတော် ကျင်းပနေပေမယ့် သွားရောက်လည်ပတ်သူတွေ မရှိကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။