Home
မြန်မာသတင်း
ထိုင်းရေလုပ်ငန်းတွင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကျွန်အဖြစ် ရောင်းစား
DVB
·
March 5, 2014
ပင်လယ်ထွက်ကုန်တွေကို ကမ္ဘာမှာ တတိယအများဆုံး ပြည်ပတင်ပို့တဲ့ ထိုင်းနိုင်ငံက ရေလုပ်ငန်းတွေမှာ မြန်မာနဲ့ တခြား အရှေ့တောင် အာရှနိုင်ငံတွေက ရွှေ့ပြောင်းအလုပ်သမား တွေကို ကျွန်အဖြစ် ရောင်းစားတာတွေ ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် လူမှုအဖွဲ့အစည်းတခုက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ လူသားချင်းစာနာမှုဆိုင်ရာ လူမှုရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ဗြိတိန်အခြေစိုက် Environmental Justice Foundation (EJF) က ထိုင်း ကမ်းရိုးတန်းမှာ ရွှေ့ပြောင်းလုပ်သားတွေကို ကျွန်ပြုတဲ့ သက်သေအထောက်အထားတွေ တွေ့ရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ပြီး ပြောဆိုလိုက်တာပါ။ [caption id="attachment_52766" align="alignright" width="300"]Photo by Environmental Justice Foundation (http://ejfoundation.org) Photo by Environmental Justice Foundation (http://ejfoundation.org)[/caption]မတ်လ ၄ ရက်ထုတ် ပင်လယ်ပြင်မှာ ကျွန်ပြုခြင်း အစီရင်ခံစာမှာ အတင်းအကျပ် စေခိုင်းတာနဲ့ လူကုန်ကူးတာတွေနဲ့ ပတ်သက်ပြီး ရေးသားထားတာလည်း ဖြစ်ပါတယ်။ ထိုင်းငါးဖမ်းလုပ်ငန်းမှာ ရှိတဲ့ တရားမ၀င် ကုန်ကူးခံရတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ဆိုးဝါးတဲ့ မတော်မတရား လုပ်ဆောင်မှုတွေကို ကြုံတွေ့နေရပြီး အခြေခံ အခွင့်အရေးတွေကို ငြင်းပယ်ခံနေရတယ်လို့ အဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး စတီထရန်က ပြောပါတယ်။ ထိုင်းအာဏာပိုင်တွေက လူကုန်ကူးသူတွေကို အားပေးကူညီသလို အလုပ်သမားကို ကျွန်တွေလို ထိန်းသိမ်းထားတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေဆီက လာဘ်ငွေတွေကို ရယူနေ တယ်လို့လည်း ဆိုပါတယ်။ အစီရင်ခံစာမှာ တခြား ၃၆ ဦးနဲ့အတူ လှေပေါ်ကနေ ထွက်ပြေးလာတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာရွှေ့ပြောင်းလုပ်သားတဦးက သူတို့ကို ခေါ်ယူလာတဲ့သူတွေဟာ ကျွမ်းကျင်သူတွေဖြစ်ပြီး လမ်းတလျောက် ရဲကားနဲ့သူတို့ကို ခေါ်ဆောင်လာကာ ရောင်းချခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ သူနဲ့အတူ ထွက်ပြေးလာတဲ့သူတွေကလည်း ထိုင်းကမ်းရိုးတန်းတလျောက်မှာ ပျောက်ဆုံး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ ရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်ရှာဖွေရေး ပွဲစားတွေရဲ့ လှည့်စားတာကို ခံရပြီး ထရန် ခရိုင်က သင်္ဘောပိုင်ရှင်တွေနဲ့ ဘန်ကောက်အနားက နေရာ အများအပြားမှာ ရောင်းစားခံရ တယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေဟာ လုပ်အားခ မရသလို ခြိမ်းခြောက် ရိုက်နှက် အစာငတ်ခံရတယ်လို့ ပြောပါတယ်။ ဖမ်းဆီးစစ်ဆေးမှုက လုပ်ဆောင်ပေမယ့် ရှားပါးတယ်လို့လည်း အစီရင်ခံစာမှာ ရေးပါတယ်။ ထိုင်းဟာ လူကုန်ကူးမှုနဲ့ ပတ်သက်ရင် ဆိုးဝါးတဲ့ မှတ်တမ်းရှိပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ သတ်မှတ်ချက်မှာ အဆင့်အနိမ့်ဆုံး အနေအထားမှာရှိနေပါတယ်။ ဒီအစီရင်ခံနာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရ တာဝန်ရှိသူတွေကို ဒီဗွီဘီမှ ဆက်သွယ် မေးမြန်ရာမှာ ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာန အလုပ်သမားကာကွယ်ရေးဦးစီးဋ္ဌာန ဒုတိယ အတွင်းဝန် မွမ်လုံ ဖွန်းထရစ် ဆမ်မိသီ က အခုလို ပြောကြားပါတယ်။ “ကျမတို့အစိုးရ ဆီမှာ ပင်လယ်ရေလုပ်သား အခွင့်အရေးက ကာကွယ်ပေးတဲ့ ဥပဒေတွေ အစကတည်းက ရှိသလို လူကုန်ကူးမှု တိုက်ဖျက်ရေးတွေလည်း အစွမ်းကုန် တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။ အလုပ်သမားအခွင့်အရေးအပြည့်မရရင်၊ မတရားမှုတွေ ခံနေရရင် သက်ဆိုင်ရာ ခရိုင်မြို့နယ် အလုပ်သမားရုံးတွေကို တိုင်ကြားလို့ရတယ်။ ဘာသာပြန်တွေလည်း ထားရှိပါတယ်။ ဒါပေမယ့် ကျမတို့ လက်လှမ်းမမှီတဲ့နေရာမှာ ဖြစ်ပျက်တာဆိုရင်တော့ မသိနိုင်ဘူးပေါ့ ဒီထုတ်ပြန်ချက်ထဲမှာပါတဲ့ တချို့အချက်တွေဟာ အရင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်ရေးတာရှိတယ်။ နောက်နောင် အစီရင်ခံစာထုတ်ပြန်မယ်ဆိုရင် ကျမတို့ဋ္ဌာနနဲ့လည်း လာရောက် ဆက်သွယ်ပြီး အချက်အလက်တွေ တိုက်ဆိုင်စစ်ဆေးစေချင်ပါတယ်။ ” ထိုင်းနိုင်ငံရဲ့ အလုပ်သမားအင်အားရဲ့ ၁၀ ရာခိုင်နှုန်းဟာ မြန်မာ လာအိုနဲ့ ကမ္ဘောဒီးယားနိုင်ငံက ဖြစ်သလို ၉၀ ရာခိုင်နှုန်းသော ရွှေ့ပြောင်းအလုပ်သမားတွေဟာ တခါတရံ အတင်းအကျပ် ဆိုသလို ရေလုပ်ငန်းမှာ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။ ထိုင်း ငါးလုပ်ငန်းက ထွက်ကုန်တွေကို ကမ္ဘာတ၀န်းက စားသောက်ဆိုင်နဲ့ ဆူပါမား ကတ်တွေမှာ တင်သွင်း ရောင်းချနေသလို နှစ်စဉ် ဘီလီယံနဲ့ချီတဲ့ဒေါ်လာတွေ ရရှိနေပြီး အမေရိကန်၊ ဥရောပ သမဂ္ဂ၀င် နိုင်ငံနဲ့ ဂျပန်ကို တင်ပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024