Home
မြန်မာသတင်း
ဗီဇာသက်တမ်းလွန် အလုပ်သမားများကို ဖမ်းဆီးမည်မဟုတ်
နန်းမြနဒီ
·
March 5, 2014
ထိုင်းနိုင်ငံမှာ ၄ နှစ် ဗီဇာသက်တမ်းကုန်ဆုံးနေပြီဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ဖမ်းဆီးအရေးယူမှာ မဟုတ်ဘူးလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ ၄ နှစ်တာ အလုပ်လုပ်ခွင့် သက်တမ်းကုန်ဆုံးသွားတဲ့ကိစ္စဟာ အလုပ်ရှင်နဲ့ အလုပ်သမားတွေရဲ့ အပြစ်မဟုတ်တဲ့အတွက် ဖမ်းဆီးအရေးယူမှာ မဟုတ်တဲ့အကြောင်း ထိုင်းအလုပ်သမား ရှာဖွေခန့်ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းပရ၀စ် ခိန့်ဖွန်းက ပြောကြားလိုက်ပါတယ်။ [caption id="attachment_33271" align="alignright" width="300"]မဲဆောက်ရှိ အထည်ချုပ်စက်ရုံတခုကမြန်မာရွှေ့ပြောင်း အလုပ်သမားတဦး (ဓာတ်ပုံ- ရိုက်တာ) မဲဆောက်ရှိ အထည်ချုပ်စက်ရုံတခုကမြန်မာရွှေ့ပြောင်း အလုပ်သမားတဦး (ဓာတ်ပုံ- ရိုက်တာ)[/caption]ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့က ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ကိုယ်စားလှယ်၊ ထိုင်းဘုရင့်တော်ဝင် ရဲတပ်ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ သူက ခုလို ပြောကြား လိုက်တာလို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ်သတင်းစာမှာ ဖော်ပြပါတယ်။ ၄ နှစ်ဗီဇာသက်တမ်းပြည့် အလုပ်သမားတွေကို ဖမ်းဆီးခြင်းမပြုဖို့ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေကိုလည်း အကြောင်းကြားပေးမှာဖြစ်ကြောင်း၊ ဒါပေမယ့် အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ ခရိုင်အလုပ်သမားရှာဖွေရေးရုံးတွေမှာ သွားရောက် ဆက်သွယ်ပြီး အလုပ်ဗီဇာ သက်တမ်းတိုးခွင့်တွေ လျှောက်ထားရမယ်လို့ အလုပ်သမားညွှန်ချုပ်က ပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် မြန်မာနယ်စပ် မဲဆောက်၊ ရနောင်းနဲ့ မယ်ဆိုင်မြို့တွေမှာ သွားရောက်ပြီး ဗီဇာသက်တမ်းတိုးခြင်း၊ နိုင်ငံသားစိစစ်ရေးနဲ့ အလုပ်အကိုင်ရှာဖွေရေးတွေ ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့လည်း ညွှန်ချုပ်က ပြောထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းရိုင်းခရိုင် အလုပ်သမားရှာဖွေရေးရုံးကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာ မယ်ဆိုင်မှာ အလုပ်သမားဝန်ဆောင်မှုစခန်းတွေ ဖွင့်လှစ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားတာပဲ ရှိပြီး ရုံးချုပ်က ညွှန်ကြားစာ အတိအကျထွက်လာမှ လက်ခံဆောင်ရွက်ပေးနိုင်မယ်လို့ တာဝန်ရှိသူတဦးက ဖြေကြားပါတယ်။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်ကတော့ မကြာခင် ရက်ပိုင်းအတွင်း နယ်စပ်မှာ ၀မ်းစတော့ပ်ဆားဗစ်စင်တာလို့ ခေါ်တဲ့ နိုင်ငံကူး လက်မှတ်ထုတ်ပေး ရေး စခန်းတွေ ပြန်ဖွင့်နိုင်မယ်၊ မြန်မာဘက်ဆိုင်ရာ ၀န်ထမ်းများလည်း အားလုံးအဆင်သင့် ရှိပြီဖြစ်ကြောင်း ဒီဗွီဘီကို ပြောပါတယ်။ ဗီဇာပြည့် အလုပ်သမားတွေကို ဖမ်းဆီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ချင်းမိုင်ခရိုင် လ၀ကရုံးကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာတော့ တာဝန်ရှိသူတဦးက သူတို့အနေနဲ့ တိကျတဲ့ ညွှန်ကြားချက်တွေ မရရှိသေးပါကြောင်း၊ ဒါပေမယ့် ၄ နှစ်ဗီဇာပြည့် အလုပ်သမားတွေကို ဖမ်းဆီးခြင်းမပြုပါဘူးလို့ ဖြေကြားခဲ့ပါတယ်။ မဟာချိုင်အခြေစိုက် မြန်မာအလုပ်သမား အခွင့်အရေးကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော် ကတော့ အောက်ခြေမှာ အလုပ်သမားတွေ ခြိမ်းခြောက်ငွေတောင်းခံရတာတွေ ရှိနေဆဲပဲလို့ ပြောပါတယ်။ “အစိုးရ ၂ ဘက်ကလည်း တိကျခိုင်မာတဲ့ အဖြေမပေးဘူးဆိုတော့ ဘာမှလည်း ဥပဒေအရ မားမားမတ်မတ်ရပ်တည်ပေးတာ မရှိတော့ အောက်ခြေအာဏာပိုင် ရဲတပ်ဖွဲ့တွေက ဖမ်းဆီးပြီး ငွေညှစ်တာရှိတယ်။ ပွဲစားတွေရဲ့ လှည့်ဖျားလိမ်လည်မှုတွေလည်း ရှိတယ်။ နောက် အလုပ်သမားတွေ အလုပ်ပြုတ်နေတော့ အခက်အခဲတွေ သောကတွေနဲ့ ကြုံနေရတာလည်း ရှိတယ်။” ထိုင်းဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၄ နှစ်ဆက်တိုက် အလုပ်လုပ်ပြီးရင် ပတ်စပို့အသစ်၊ ဗီဇာအသစ်တွေ ပြန်လုပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အလုပ်သမားတွေ မိမိနိုင်ငံကို ပြန်စရာမလိုဘဲ နယ်စပ်မှာပဲ ပတ်စပို့အသစ်ပြန်လုပ်နိုင်အောင် စခန်း ၅ ခု ဖွင့်လှစ်ဆောင်ရွက်ပေးမယ်လို့ ပြောခဲ့ပေမယ့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် လုပ်ငန်းတွေ မလည်ပတ်နိုင်ဘဲ ဗီဇာကုန်အလုပ်သမားတွေ အခက်တွေ့နေတာပါ။ လောလောဆယ် အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းကုန် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သိန်း လောက်ရှိတယ်လို့ အလုပ်သမားအဖွဲ့တွေက ခန့်မှန်းထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024