စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကလေးတက္ကသိုလ်ကျောင်းအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီ ၇ ရက် မနက်က တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ချင်းတောင်ပေါ်က ပြန်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ယာဉ်တန်းကို ကလေးတက္ကသိုလ်ကျောင်းအနီးမှာ ကလေး PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးခဲ့တယ်လို့ တိုက်ပွဲမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း ကလေး PDF ဘက်ကတော့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားတွေ စစ်ကား ၃ စီးနဲ့ မြို့ထဲပြန်ဝင်လာစဉ် တာဟန်းရပ်ကွက် မွန်းလိုင်ဘက်မှာ သေနတ်တွေနဲ့ ရမ်းသမ်းပစ်ခဲ့ကြတာကြောင့် သုံးဘီးဆိုင်ကယ်မောင်းသူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်သံငြိမ်သွားတဲ့နောက် ရပ်ကွက်နေပြည်သူတွေက လမ်းဘေးရေမြောင်းထဲမှာ သုံးဘီးသမားဟာ ဦးခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရှိခဲ့ကြပြီး ဘယ်သူဘယ်ဝါဆိုတာတော့ မသိရသေးဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
ဒီနေ့ ဧပြီ ၇ ရက်နေ့ဟာ ကလေးမြို့ တာဟန်းခံတပ် ဒုတိယအကြိမ် ဖြိုခွင်းခံရတဲ့နေ့ဖြစ်ပြီး မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေက လုံခြုံရေး အများအပြားချထားကာ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်ဆေးနေပါတယ်။