ရန်ကုန်မီးလင်းရေး IFC က ကူညီမည်
DVB
·
March 3, 2014
ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှု ပိုမိုတိုးတက်ကောင်းမွန်လာစေရေး အထောက်အကူ ဖြစ်စေဖို့ ကမ္ဘာဘဏ် အဖွဲ့ရဲ့ အဖွဲ့ဝင် နိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) က အကူအညီပေးသွားဖို့ ရှိနေပါတယ်။
ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဘုတ်အဖွဲ့ (YESB) ကို အသွင်ပြောင်းရာမှာ IFC က နည်းပညာနဲ့ အထောက်အပံ့တွေ ပေးသွားမယ့် သဘောတူညီချက်ကို ဖေဖော်ဝါရီ ၂၆ ရက်နေ့က လတ်မှတ်ရေးထိုးခဲ့တယ်လို့ သတင်းတွေမှာ ရေးပါတယ်။
IFC ရဲ့ အကူအညီနဲ့ အစိုးရနဲ့ YESBတို့က လိုအပ်တဲ့လုပ်ဆောင်ချက်တွေကို လုပ်ဆောင်ပြီး ၃ နှစ်အတွင်း YESB က သီးခြားရပ်တည်နိုင်ပြီးတော့ လျှပ်စစ် ဖြန့်ဖြူးတဲ့ လုပ်ငန်းတွေကို ထိန်းညှိပေးနိုင်မှာ ဖြစ်တယ်လို့ ရန်ကုန်မြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောပါတယ်။
IFC ကလည်း YESB မှာ ရှယ်ယာဆတူရဖို့လည်း မျှော်မှန်းနေတယ်လို့ ဆိုပါတယ်။ ဒါအပြင် ၂၅၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မယ့် မြင်းခြံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး ရွေးချယ်ဖို့ အတွက်လည်း အစိုးရကို အကြံပေးနေတယ်လို့ ဆိုပါတယ်။
အသံဖိုင်နားဆင်ရန်