Home
မြန်မာသတင်း
ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအစီအစဉ် တဦးတဖွဲ့ အကျိုးစီးပွားအတွက် မဖြစ်စေလို
DVB
·
April 5, 2022

အာဏာသိမ်းစစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့  ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီအနေဖြင့် အုပ်စု တခု၊ အသင်းအဖွဲ့ တခုတည်းသာ ချမ်းသာအောင် လုပ်ပေးတာမျိုး မဖြစ်စေဖို့ လိုအပ်တယ်လို့ စိုက်ပျိုးရေးသုတေသီတွေက ထောက်ပြပြော ဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဆီထွက်သီးနှံမျိုးစေ့ထုတ် လုပ်ငန်း အပါအဝင် အကျိုးတူ ကန်ထရိုက်လယ်ယာစနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်း၊ စားသုံးဆီ အမျိုးမျိုး ကြိတ်ခွဲထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ ရင်းနှီးမြုပ်နှံကြဖို့ စစ်ကောင်စီ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြည်တွင်း၊ပြည်ပမှ ရင်းနှီးမြုပ်နှံသူတွေကို  ဖိတ်ခေါ်ထားပါတယ်။

ဒီလုပ်ငန်းအကောင်အထည်ဖော်နိုင်ဖို့အတွက် စစ်ကောင်စီက ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးကော်မတီ တရပ်ကို ဖွဲ့စည်းပေးထားကာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ နေကြာသီးနှံကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှာ ဧက ၁ သန်းခွဲ စိုက်ပျိုးသွားဖို့ စီမံချက်ထဲ ထည့်သွင်းရေးဆွဲထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စိုက်ပျိုးရေးသုတေသီတဦးက “ကျနော်တို့ဆီမှာ အသင်းအဖွဲ့တွေ ဖွဲ့ထားတာ ရှိတယ်နော်။ ဥပမာ ဆန်စပါးအသင်းပဲ ထားပါတော့။ အသင်းတွေက လယ်သမားတွေဆီက စျေးချိူချိုနဲ့။ ပြောရရင်ဗျာ။ ကြားထဲမှာ ကုန်သည်ပွဲစားတွေလည်း ပါသလို တိုက်ရိုက်ဝယ်တာတွေလည်း ရှိတာပေါ့။ အဲဒီတော့ စပါးပဲဖြစ်ဖြစ်၊ ပဲဖြစ်ဖြစ် တကယ်ချမ်းသာတာက ကုန်သည်တွေပဲ ချမ်းသာတာလေ။ လယ်သမားတွေက ချမ်းသာလာတာ မဟုတ်ဘူး။ အဲဒါမျိုးတွေက ပေါ်လစီမှားလို့ပေါ့ဗျာ။ အသင်း ရှိလို့ အသင်းမရှိရဘူးလို့ ကျနော် ဆိုလိုတာ မဟုတ်ဘူး။ အသင်းရှိတယ်၊ စနစ်တကျ ဖြစ်လာတာက ကြိုဆိုစရာပါ။ ဒါပေမဲ့ ပြောစရာဖြစ်တာက ဒီဟာက အသင်းအဖွဲ့တခု၊ အုပ်စုတခုတည်းအတွက် ဖြစ်နေတယ်။ လယ်သမားတွေအတွက် မဖြစ်ဘူး ဆိုရင် ဒီပေါ်လစီက မအောင်မြင်ဘူး ပြောလို့ရတာပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။

အရင် စစ်အစိုးရတွေလက်ထက်တုန်းကလည်း စစ်အုပ်စုနဲ့ ခရိုနီကုမ္ပဏီတွေ လယ်ယာစိုက်ပျိုးရေး လုပ်မယ်ဆိုပြီး စက်သုံးဆီ၊ စက်ယန္တရားတွေနဲ့ သွင်းအားစုတွေကို တင်သွင်းခွင့် ပါမစ်တွေယူ ကိုယ်ကျိုးရှာခဲ့ပြီး ဟန်ပြသာ စိုက်ပျိုးရေးလုပ်ခဲ့လို့ အောင်မြင်မှုမရခဲ့ပါဘူး။

ပြည်ပရောက် စိုက်ပျိုးရေးပညာရှင်တဦးကလည်း “သဘောကတော့ မြေကောင်းရင် အထွက် ကောင်းတယ်ပေါ့။ ဒါပေမဲ့ ကျနော်တို့က အထွက်မကောင်းရင် ဘာကြောင့် အထွက်မကောင်းရတာလဲ။ အထွက်ကောင်းအောင် ဘယ်လို လုပ်ပေးရမလဲ ဆိုတာကို စိုက်ပျိုးရေးဝန်ကြီးဌာနက ပေါ်လစီတွေ ချပေးရတယ်နော်။ ကျနော်က ဂျပန်မှာ အကြာကြီး နေခဲ့တော့ ဂျပန်အစိုးရက အဲ့လို လုပ်ပေးတယ်ဗျ။ နောက်တချက်က သမဝါယမနဲ့ လုပ်လို့ရတဲ့ဟာဆိုရင် သမဝါယမကို အားပေးပေါ့။ နောက်ဆုံး အရေးကြီးတာက သူတို့ ထွက်လာတဲ့ ထွက်ကုန်တွေကို နိုင်ငံတော်က ဦးဆောင်ပြီး ရောင်းပေး သင့်တာပေါ့။ အခုဆိုရင် ကျနော်တို့ တရုတ်နဲ့ပဲဖြစ်ဖြစ်၊ အိန္ဒိယနဲ့ပဲဖြစ်ဖြစ် သူတို့က စိတ်မကြိုက်တဲ့အခါ ပိတ်လိုက် တာမျိုးတွေ မဖြစ်ရအောင် နိုင်ငံတော်က လုပ်ပေးရမယ်။ ဆိုတော့ ဒါမျိုးတွေ မဖြစ်ရအောင် ပေါ်လစီနဲ့လုပ်ပေးဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စားသုံးဆီ လိုအပ်ချက်က တနှစ်ကို တန်ချိန် ၁၃ သိန်းလောက် ရှိတဲ့အနက် ပြည်တွင်းထုတ်လုပ်မှုက တန်ချိန် ၄ သိန်းခန့်သာရှိတာကြောင့် လိုအပ်တဲ့ တန်ချိန် ၈ သိန်းကနေ ၁၀ သိန်း ဝန်းကျင်အား ပြည်ပကနေ နှစ်စဉ် တင်သွင်းနေရ ပါတယ်။ ဒီပမာဏက တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကျော်ရှိတာပါ။

ဒါကြောင့်ပဲ စစ်ကောင်စီက နိုင်ငံခြားငွေလိုအပ်ချက်ကို လျှော့ချနိုင်ဖို့အတွက် ပြည်တွင်းမှာ ဆီထွက်သီးနှံတွေ တိုးချဲ့စိုက်ပျိုး လာဖို့ လုပ်ဆောင်နေတာပါ။ ဒါပေမဲ့ လက်တွေ့မြေပြင်မှာတော့ နိုင်ငံအတွင်းမှာ တည်ငြိမ်မှုမရှိတဲ့အတွက် လယ်ယာမြေ လုပ်ကိုင်နေသူတွေဟာ လယ်ယာမြေကို စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေရသလို နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်တွေကလည်း ဝင်ရောက်ရင်းနှီးမြှုပ်နှံဖို့အရေးမှာ မသေချာ မရေရာမှုတွေ များတဲ့အတွက် စောင့်ကြည့် အဆင့်သာ ရှိနေကြပါတယ်။

လက်ရှိမှာတော့ နိုင်ငံတကာ စားအုန်းဆီဈေးနှုန်းနဲ့ သယ်ယူစရိတ်တွေ မြင့်တက်လာတာကြောင့်  မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းနေချိန် ပြည်တွင်း စားအုန်းဆီ စျေးနှုန်းတွေလည်း အဆမတန် မြင့်တက်နေပါတယ်။ 

အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံမှာ ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံရုံသာမက စားသုံးဆီအဓိက ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံအဖြစ်ပါ ရပ်တည်နိုင်ဖို့ ဆောင်ရွက်မယ်လို့လည်း  ကြွေးကြော်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024