နယ်စည်းမထား ဆရာဝန်အများအဖွဲ့ ရခိုင်ပြည်နယ်ရှိ လုပ်ငန်းတွေ ခေတ္တ ရပ်ဆိုင်းမည်
DVB
·
March 2, 2014
နယ်စည်းမထား ဆရာဝန်အများအဖွဲ့ MSF ရဲ့ ရခိုင်ပြည်နယ်အတွင်းက လုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားမှာ ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်လိုက်ပါတယ်။
တခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်ဆောင်နေတဲ့ MSF လုပ်ငန်းတွေကိုတော့ ပြည်သူတွေ အကျိုးအတွက် ဆက်လက် ဆောင်ရွက်ခွင့် ပြုသွား မှာ ဖြစ်တယ်လို့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူများနဲ့ MSF Holland ( AZG) အဖွဲ့၏ တာဝန်ရှိ သူများ ဖေဖော်ဝါရီ ၂၈ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ပြီး MSF ရဲ့ ရခိုင်ပြည်နယ်ထဲက လုပ်ငန်းတွေကို ရပ်ဆိုင်းဖို့ နှစ်ဖက် သဘောတူခဲ့ပါတယ်။ ဘာကြောင့် ရပ်ဆိုင်းခဲ့ သလဲဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ရေးသား မထားပါဘူး။
နှစ်ဦးနှစ်ဖက် နားလည်မှု စာချွန်လွှာ(MoU)ကိုလည်း နှစ်အပိုင်း အခြားလိုက် ဆက်လက်ညှိနှိုင်း ရေးထိုးမှာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း အေးချမ်းတည်ငြိမ်မှု ရရှိလာတဲ့အခါမှာ MSF Holland (AZG) အဖွဲ့ရဲ့ အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်များအတွင်း စွမ်းဆောင်ချက်များကို ပြန်လည် သုံးသပ်ပြီး အချိန်ကာလအပိုင်း အခြားတခုအတွင်း ရခိုင်ပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး စဉ်းစားဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
MSF ရဲ့ မတ်လ ၁ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ ကချင်၊ ရှမ်းနဲ့ ရန်ကုန်တိုင်း ဒေသကြီးအတွင်း အဖွဲ့ရဲ့ လုပ်ငန်းတွေ ပြန်စတော့မှာဖြစ်တယ်လို့ ပြောထားပေမယ့် ရခိုင်ပြည်နယ်ထဲက အကူအညီလိုအပ်နေသူ ထောင်ပေါင်းများစွာရဲ့ ကံကြမ္မာအတွက်တော့ အထူးပဲ စိုးရိမ်နေဆဲပါလို့ ရေးသားထားပါတယ်။
လိုအပ်နေသူတွေဆီ အသက်ကယ် ဝန်ဆောင်မှုတွေ ဆက်ပြီး ပေးသွားနိုင်ဖို့ အတွက် မြန်မာအစိုးရနဲ့ ဆွေးနွေး ပြောဆိုတာတွေ ဆက်လုပ်သွားပါမယ်လို့ MSF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။