Home
ဆောင်းပါး
ပြည်သူ့ ညီလာခံနှင့် နွေဦးတော်လှန်ရေး လမ်းပြမြေပုံ
DVB
·
March 31, 2022

ပထမအကြိမ် ပြည်သူ့ ညီလာခံကြီး (People’s Assembly)

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) က ကြီးမှူးကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့ ညီလာခံကြီးကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီညီလာခံကြီးကို ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ ကျောင်းသား/အလုပ်သမား သမဂ္ဂများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများ၊ လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်သူ့ဝန်ထမ်း အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှု အဖွဲ့အစည်းများ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုး ကိုယ်စားပြုကော်မတီများ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်များ၊ နိုင်ငံတကာ ဧည့်သည်တော်များနဲ့ လေ့လာသူများ ၃၈၈ ဦး တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ အဲဒီ ညီလာခံကြီးကနေ NUCC ကို အစုအဖွဲ့ ၅ ဖွဲ့ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့နဲ့ တိုးချဲ့ ဖွဲ့စည်းလိုက်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) နဲ့ အစိတ်အပိုင်း (၂)၊ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံကို အတည်ပြုလိုက်ပါတယ်။

နွေဦးတော်လှန်ရေးကြီးရဲ့ တစ်နှစ်ပြည့်အချိန်ကာလ၊ CDM ဝန်ထမ်းများနဲ့ အထွေထွေသပိတ်အင် အားစုများရဲ့ နေ့စဉ်နဲ့အမျှ ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် မင်းအောင်လှိုင် ဖက်ဆစ်တပ်ကြီးက မြန်မာနိုင်ငံကို အုပ်ချုပ်ခွင့် မရနိုင်သေးတဲ့အချိန်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်ကြီးကို အားနည်းချည့်နဲ့အောင် ထိထိရောက်ရောက် တိုက်ခိုက် အနိုင်ရနေတဲ့အချိန်၊ တော်လှန်ရေးအင်အားစုများက နယ်မြေဒေသအချို့ကို စိုးမိုးမှု စတင်ရရှိနေတဲ့ အချိန်မှာ အခုလို ပြည်သူ့ညီလာခံကြီး ကျင်းပနိုင်ခဲ့တာ၊ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးဦးဆောင်မှုကို စနစ်တကျ ပုံဖော်ဆောင်ရွက်နိုင်တာ၊ တိုင်းပြည်အတွက် အင်မတန် အရေးကြီးတဲ့ ဖက်ဒရယ်ဆိုင်ရာ ပဋိညာဉ်များကို အတည်ပြုနိုင်တာဟာ ထင်ရှားတဲ့ သမိုင်းမှတ်တိုင်တစ်ခုဖြစ်ပြီး အောင်ပွဲနဲ့ နီးကပ်လာပြီဆိုတာကို ဖော်ပြတဲ့ အထောက်အထား တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့ညီလာခံရဲ့ ဆုံးဖြတ်ချက်တွေနဲ့ အရေးပါမှုကို ကျနော် နားလည်သလို ရှင်းပြချင်ပါတယ်။

နောက်ခံသမိုင်းအကျဉ်းချုပ်

မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာဖက်ဆစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ  နိုင်ငံတော်အာဏာကို လုယူသိမ်းပိုက်ပြီးတဲ့နောက် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ “ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ” (CRPH) ကို ဖွဲ့စည်းပြီး ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ခဲ့ကြပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ အားလုံး မပါဝင်ပေမယ့် ကိုယ်စားလှယ်ပေါင်း ၃၉၀ ပါဝင်ပါတယ်။ အဲဒီနောက် CRPH ရဲ့ ဦးဆောင်သူ လွှတ်တော်ကိုယ်စားလှယ်များဟာ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများ ထိန်းချုပ်ရာနယ်မြေများကို လျှို့ဝှက်စွာ ရောက်ရှိကြပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးမှာ လူတန်းစားအလွှာအသီးသီးနဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် မာရသွန်ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးပွဲများရဲ့ ရလဒ်အဖြစ်က ၂၀၂၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မှာ CRPH က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” (Federal Democracy Charter) ကို “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြေညာစာတမ်း” အဖြစ်နဲ့ ထုတ်ပြန် ကြေညာနိုင်ခဲ့ပါတယ်။

ဒီကြေညာစာတမ်းကတော့ စစ်အာဏာရှင်အဆက်ဆက်နဲ့ ဗမာနိုင်ငံရေးသမားများ ပြောဆိုလေ့ရှိတဲ့ “ပြည်ထောင်စု” ဆိုတာကို အယုံအကြည်မရှိကြတော့တဲ့ တိုင်းရင်းသားလူမျိုးစုများကို အာမခံချက် ပေးတာပါ။ တော်လှန်ရေးကြီးအပြီး တည်ဆောက်မယ့် အနာဂတ် ဒီမိုကရေစီနိုင်ငံတော်မှာ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရရှိစေမယ့်အကြောင်း လွှတ်တော်ကိုယ်စားလှယ်များနဲ့ နိုင်ငံရေးပါတီများ၊ CDM ဦးဆောင်သူများ၊ အထွေထွေသပိတ် အင်အားစုများ၊ အမျိုးသမီးနှင့် လူငယ်အင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်းပြီး အဓိဋ္ဌာန်ပြုကြတာပါ။ အဲဒီ “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” မှာ “နွေဦးတော်လှန်ရေးကြီးရဲ့ လမ်းပြမြေပုံ၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ ရည်မှန်းချက်နဲ့ စံတန်ဖိုးများ၊ လမ်းညွှန်မူဝါဒများ” ကို အစိတ်အပိုင်း (၁) အဖြစ် ဖော်ပြထားပြီး “ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အစီအမံများ” ကို အစိတ်အပိုင်း (၂) အဖြစ် ဖော်ပြထားပါတယ်။

အဲဒီနောက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၂)၊ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ အစီအမံများ (Interim Constitutional Arrangement) အရ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ (NUCC) ကို ဖွဲ့စည်းပါတယ်။ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ဖွဲ့စည်းပါတယ်။ အဲဒီလိုနဲ့ နွေဦးတော်လှန်ရေးကြီးကို စနစ်တကျ ဦးဆောင်နိုင်ဖို့ NUG၊ CRPH ၊ NUCC ဆိုတဲ့ ကြားကာလ နိုင်ငံရေး ဦးဆောင်အဖွဲ့အစည်းများကို ကြားကာလ အုပ်ချုပ်ရေး၊ ကြားကာလ ဥပဒေပြုရေး၊ ပြည်သူအများပါဝင်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲရေး ဆိုင်ရာ တာဝန်များ အပ်နှင်းနိုင်ခဲ့ပါတယ်။

ဖက်ဆစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ၂ လလောက်အချိန်အတွင်းမှာ ပေါ်ပေါက်လာတဲ့ “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်” မှာ လိုအပ်ချက်တွေ ရှိခဲ့သလို ကြားကာလ နိုင်ငံရေးဦးဆောင်မှု ဖြစ်တဲ့ CRPH၊ NUG နဲ့ NUCC တို့ရဲ့ အခန်းကဏ္ဍများ၊ တာဝန်များနဲ့ပတ်သက်ပြီး အများပြည်သူကြား နားမလည်မှုတွေ ရှိခဲ့ပါတယ်။ NUG ကို ကြားကာလ အစိုးရအဖြစ်နဲ့၊ CRPH ကို လွှတ်တော်ကိုယ်စားပြုအဖွဲ့အစည်းအဖြစ်နဲ့ အလွယ်တကူ နားလည် လက်ခံကြပေမယ့် NUCC ရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး နားမလည်နိုင်ကြသူတွေ ရှိခဲ့ပါတယ်။ အခု ကျင်းပပြီးစီးခဲ့တဲ့ ပြည်သူ့ညီလာခံကြီးရဲ့ ဆုံးဖြတ်ချက်တွေက CRPH၊ NUG နဲ့ NUCC တို့ရဲ့ အခန်းကဏ္ဍတွေကို ရှင်းရှင်းလင်းလင်း ဖော်ပြပေးတာဖြစ်သလို နွေဦးတော်လှန်ရေးရဲ့ လမ်းပြမြေပုံကို စနစ်တကျ သတ်မှတ်လိုက်တာပဲ ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရဲ့ အစိတ်အပိုင်း (၁)      

ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရဲ့ အစိတ်အပိုင်း (၁) မှာ အပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။ ပထမတစ်ပိုင်းက “နွေဦးတော်လှန်ရေးကြီးရဲ့ လမ်းပြမြေပုံ”ဖြစ်ပြီး နောက်တစ်ပိုင်းက တော်လှန်ရေး အပြီးမှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုရဲ့ မျှော်မှန်းချက်နဲ့ စံတန်ဖိုးများ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာ လမ်းညွှန်အခြေခံမူများ၊ မူဝါဒများ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးရဲ့ လမ်းပြမြေပုံ

နွေဦးတော်လှန်ရေးရဲ့ လမ်းပြမြေပုံမှာ အဆင့် (၁၂) ဆင့်ရှိပါတယ်။ အဲဒီ အဆင့်တွေက 

(၁) စစ်အာဏာသိမ်းမှု အဆုံးသတ်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှ  ပြုတ်ကျသည်အထိ ဝန်ထမ်းများ၏    လှုပ်ရှားမှုများအပါအဝင် လူထုအထွေထွေလှုပ်ရှားမှုများကို အဆက်မပြတ် ဆက်လက်လှုပ်ရှားဆောင်ရွက်နိုင်ရေး စည်းရုံးလှုံ့ဆော်ခြင်း၊ အားပေးခြင်းနှင့် ပံ့ပိုးကူညီခြင်း၊ 

(၂) ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်း၍ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ဆောင်ရွက်ခြင်း၊ 

(၃) နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်များ ဆွေးနွေးအတည်ပြုနိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မိတ်ဖက်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများပါဝင်သည့် အရပ်ဖက်လူမှုအဖွဲ့အစည်းများ လက်တွဲဆောင်ရွက်နိုင်သည့် အခင်းအကျင်း ဖော်ဆောင်ခြင်း၊ 

(၄) ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို ရေးဆွဲအတည်ပြုခြင်း၊ 

(၅) ဤပဋိညာဉ်နှင့်အညီ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းခြင်း၊ ဥပဒေပြုရေးနှင့် တရားရေးမဏ္ဍိုင်ဆိုင်ရာ အဖွဲ့အစည်းများကို ဖွဲ့စည်းခြင်း၊ 

(၆) အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးအတွက် ဘုံပန်းတိုင်တူ အင်အားစုအားလုံးပါဝင်သော ပြည်သူ့ညီလာခံတစ်ရပ် ခေါ်ယူကျင်းပခြင်း၊ 

(၇) အာဏာရှင်စနစ် ပပျောက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ 

(၈) အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခြင်း၊ 

(၉) အသွင်ကူးပြောင်းရေးကာလ အစိုးရ (Interim National Unity Government) ဖွဲ့စည်းခြင်း၊ 

(၁၀) တိုင်းပြုပြည်ပြုညီလာခံ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း၊ (၁၁)တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲများ ကျင်းပခြင်း၊ 

(၁၂) အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာကျင့်သုံးခြင်း၊ တို့ဖြစ်ကြပါတယ်။ 

ကြားကာလ (Interim Period) ဆိုတာ လက်ရှိတော်လှန်ရေးကာလကို ဆိုလိုပြီး အသွင်ကူးပြောင်းရေးကာလ (Transitional Period) ဆိုတာ တော်လှန်ရေးအပြီးကနေ ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို  စတင် အကောင်အထည်ဖော်နိုင်တဲ့ အချိန်အထိ ဖြစ်ပါတယ်။ အခုအချိန် ပြည်သူ့ညီလာခံကြီး ပြီးဆုံးတဲ့အချိန်မှာ လမ်းပြမြေပုံရဲ့ အဆင့် (၁) နေ (၆) အထိ ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ကြားကာလမှာ ဘယ်လို ဦးဆောင်သလဲ

ဒီနေရာမှာ လက်ရှိကာလ (ကြားကာလ) ရဲ့ နိုင်ငံရေးဦးဆောင်မှုကို ရှင်းလင်းတင်ပြတဲ့ "ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ရဲ့ အစိတ်အပိုင်း (၂)" ကို အရင် ဖော်ပြချင်ပါတယ်။ ဒီ အစိတ်အပိုင်း (၂) မှာ ကြားကာလဆိုတာကို လက်ရှိ တော်လှန်ရေး ဆင်နွှဲနေတဲ့အချိန်ကနေ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ရေးဆွဲပြဋ္ဌာန်းပြီး စတင်အသက်ဝင်တဲ့ အချိန်အထိ သတ်မှတ်ထားပါတယ်။ ဒီ ကြားကာလ ဖွဲ့စည်းပုံရဲ့ လုပ်ငန်းစဉ်များထဲက အဓိကကျတဲ့ လုပ်ငန်းစဉ်တွေကတော့ (၁)  ပြည်သူ့ညီလာခံကြီး ခေါ်ယူကျင်းပရန်၊ (၂) ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း (၁) ကို ဦးဆောင်အကောင်အထည်ဖော်မယ့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အား အတည်ပြုဖွဲ့စည်းရန်၊ (၃) ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) မှ NUCC ၏ ညှိနှိုင်းသဘောတူညီမှုဖြင့် ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (Interim NUG) ကို ဖွဲ့စည်းရန်နှင့် ဖွဲ့စည်းပုံ၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပြဋ္ဌာန်းရန်၊ (၄) NUCC က အသွင်ကူးပြောင်းရေးကာလ ဆိုင်ရာ ပြင်ဆင်မှုအစီအမံများ ရေးဆွဲရန်၊ တို့ ဖြစ်ကြပါတယ်။ 

ဒီ အစိတ်အပိုင်း (၂) မှာ ပြည်သူ့ညီလာခံ၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ လွှတ်တော်ကိုယ်စားပြုကော်မတီနဲ့ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရတို့ရဲ့ ဖွဲ့စည်းပုံ၊ တာဝန်နဲ့ အခန်းကဏ္ဍ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများကို ရှင်းရှင်းလင်းလင်း ပြဋ္ဌာန်းထားပါတယ်။ အကျဉ်းရုံးပြီး ရှင်းပြပါရစေ။

"ပြည်သူ့ညီလာခံ" ဟာ အမြင့်ဆုံး နိုင်ငံရေးဦးဆောင်မှုအဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်သူ့ညီလာခံကို NUCC  က ဦးဆောင်၍ ၆ လ တစ်ကြိမ် ကျင်းပမှာဖြစ်ပြီး (က) ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အပါအဝင် ရွေးကောက်ခံကိုယ်စားလှယ်များ၊ (ခ) နိုင်ငံရေးပါတီများ၊ (ဂ) သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်အဖွဲ့အစည်းများ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေးတွင် ပါဝင်နေကြသော နိုင်ငံဝန်ထမ်းများအပါအဝင်   လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်ဆိုင်ရာ အဖွဲ့အစည်းများ၊ (ဃ) တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ၊ (င) ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် ကိုယ်စားပြု အဖွဲ့/ကော်မတီများ စတဲ့ အစုအဖွဲ့ ၅ ခုက ကိုယ်စားလှယ်များ ပါဝင်ကြပါတယ်။ ပြည်သူ့ညီလာခံကြီးဟာ NUCC နဲ့ NUG တို့ရဲ့ မူဝါဒများကို သုံးသပ်ပြီး ဆုံးဖြတ်အတည်ပြုပေးရန် တာဝန်ရှိပါတယ်။ NUCC ကို ဖွဲ့စည်းပေးရန်နဲ့ NUG ကို အတည်ပြုပေးရန် တာဝန်ရှိပါတယ်။ အသွင်ကူးပြောင်းမှု ဆိုင်ရာ အစီအမံများ၊ အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုရန်နဲ့ အသွင်ကူးပြောင်းရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုရန် တာဝန်ရှိပါတယ်။ NUCC က ရေးဆွဲ ချမှတ်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို အတည်ပြုပေးရမှာ ဖြစ်ပါတယ်။

"အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)" ဆိုတာ ပြည်သူ့ညီလာခံကို တာဝန်ခံရပြီး ပြည်သူ့ညီလာခံ တစ်ခုနဲ့ တစ်ခုအကြား ကာလများမှာ ညီလာခံကို တာဝန်ခံ၍ မူဝါဒရေးရာကိစ္စရပ်များ ဆွေးနွေးချမှတ်ရန် တာဝန်ရှိပါတယ်။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲပြီး ပြည်သူ့ညီလာခံသို့ တင်ပြအတည်ပြုချက်ရယူရန် တာဝန်ရှိပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ လုပ်ငန်းစဉ်များကို ဦးဆောင်အကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်။  

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံရပြီး ဖက်ဆစ်စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုသော ပြည်ထောင်စုအဆင့် လွှတ်တော်ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ "ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)" ဟာ ကြားကာလ ဥပဒေပြုအဖွဲ့အစည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်၊ နိုင်ငံရေးလမ်းပြမြေပုံတို့နှင့် အညီ NUCC က ချမှတ်ထားသော မူဝါဒနဲ့ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည့် ဥပဒေများကို ပြဋ္ဌာန်းပေးရန် တာဝန်ရှိပါတယ်။ ပြည်သူလူထုကို ဖိနှိပ်သော ဥပဒေများကို ပြင်ဆင်၊ ပယ်ဖျက်၍ လူ့အခွင့်အရေးများကို အကာအကွယ်ပေးသော ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းရန် တာဝန်ရှိပါတယ်။ ဥပဒေပြုလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုလွှတ်တော် ခေါ်ယူကျင်းပခွင့်ရှိပါတယ်။

"ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (Interim NUG)" ဟာ ကြားကာလ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့အစည်းဖြစ်ပြီး NUCC က ချမှတ်ထားတဲ့ ရှေ့လုပ်ငန်းစဉ်များ၊ ဖက်ဒရယ်ပဋိညာဉ်ပါ နိုင်ငံရေးရည်ရွယ်ချက်များ၊ ဦးတည်ချက်များနှင့် နိုင်ငံရေး လမ်းပြမြေပုံကို အကောင်အထည်ဖော်ဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ NUG ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှုများ ခိုင်မာအားကောင်းစေရန် NUCC နဲ့ ညှိနှိုင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရေးအတွက် NUCC ရဲ့ မူဝါဒရေးရာ ဦးဆောင်မှုနဲ့အညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပြည်သူလူထုကို ဖိနှိပ်ချုပ်ချယ်သော တည်ဆဲ ဥပဒေများကို ပြင်ဆင်၊ ဖျက်သိမ်းနိုင်ရန်နဲ့ အခြေခံ လူ့အခွင့်အရေးများကို အကာအကွယ်ပေးသော ဥပဒေကြမ်းများကို ရေးဆွဲ၍ ဥပဒေပြုအဖွဲ့အစည်းသို့ အဆိုပြုတင်ပြရန် တာဝန်ရှိပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများရဲ့ လုံခြုံရေးကို အကာအကွယ်ပေးနိုင်ရေးအတွက် ပြည်သူ့ကာကွယ်ရေးအစီအမံများကို ချမှတ်ဆောင်ရွက်ရမှာ ဖြစ်သလို ပြည်နယ်များအတွင်း အခြေစိုက်လှုပ်ရှားနေကြတဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု ညှိနှိုင်းဆောင်ရွက်ရန် တာဝန်ရှိပါတယ်။ ကြားကာလ NUG ကို CRPH က NUCC ရဲ့ ညှိနှိုင်းသဘောတူညီချက်ဖြင့် ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသားညီညွတ်ရေး အကြံပေးကောင်စီနဲ့ ပြည်သူ့ညီလာခံတို့ကို တာဝန်ခံရမှာ ဖြစ်ပါတယ်။

“ကြားကာလ တရားစီရင်ရေးအာဏာ” ကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရက အသိအမှတ်ပြုထားတဲ့ အရပ်ဘက်တရားရုံးများ၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၏ နယ်မြေများအတွင်း ဖွဲ့စည်းတည်ရှိသည့် အဆင့်ဆင့်သော အရပ်ဘက်တရားရုံးများကို အပ်နှင်းထားပါတယ်။ ပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်း တရားစီရင်ရေးဆိုင်ရာ အငြင်းပွါးမှုများအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါက ဖြေရှင်းဆောင်ရွက်နိုင်ရန် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီက တရားရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို သက်ဆိုင်ရာဒေသများမှ တရားစီရင်ခွင့်အာဏာပိုင်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းပေးရန် ဖြစ်ပါတယ်။

ကြားကာလ သက်တမ်းအတွင်းမှာပဲ NUCC က အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (မူကြမ်း) ကို ရေးဆွဲပြီး ပြည်သူ့ညီလာခံသို့ တင်ပြ၊ အတည်ပြုရမှာ ဖြစ်ပါတယ်။ ပြည်သူ့ညီလာခံက အတည်ပြုလိုက်တဲ့ "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံ ဥပဒေ" အရ ကြားကာလ လွန်မြောက်သည်နှင့် NUCC က အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (Transitional National Unity Government/Transitional NUG) ကို အင်အားစုအသီးသီး ပိုမိုကျယ်ပြန့်စွာပါဝင် ဖွဲ့စည်းပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် ကြားကာလ NUG (Interim NUG) က အသွင်ကူးပြောင်းရေးကာလ NUG ကို အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံနဲ့ အညီ အာဏာလွှဲပြောင်းပေးရမှာ ဖြစ်ပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲရေး မူဝါဒများ

အစိတ်အပိုင်း (၁) ရဲ့ ဒုတိယပိုင်းကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲရာမှာ ကျင့်သုံးရမယ့် ပြည်ထောင်စုမျှော်ရည်ချက်နဲ့ စံတန်ဖိုးများ (Vision and Values)၊ လမ်းညွှန်မူဝါဒများဖြစ်ပါတယ်။ အဲဒီ အခြေခံမူဝါဒတွေကို ဒီဆောင်းပါးမှာ အသေးစိတ်မဖော်ပြတော့ပဲ အရေးအကြီးဆုံးလို့ ယူဆတဲ့ မူဝါဒအချို့ကို အကျဉ်းချုံးဖော်ပြချင်ပါတယ်။

(၁) ပြည်ထောင်စုကို တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များနဲ့ ဖွဲ့စည်းပါတယ်။ ပြည်နယ်များအားလုံးဟာ သက်ဆိုင်ရာ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခွင့်ရှိပါတယ်။ ပြည်နယ်တိုင်းမှာ သီးခြား ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာများ ရှိပါမယ်။ ပြည်ထောင်စုနဲ့ ပြည်နယ်များအကြား ခွဲဝေကျင့်သုံးမယ့် ပြည်ထောင်စုအာဏာ၊ ပြည်နယ်အာဏာနဲ့ ထပ်တူပြုအာဏာများကို စနစ်တကျ ပြဋ္ဌာန်းသတ်မှတ်မှာဖြစ်ပြီး ၎င်းအာဏာများထဲမှာ မပါဝင်တဲ့ ကြွင်းကျန်အာဏာများကို ပြည်နယ်အစိုးရက ကျင့်သုံးခွင့်ရှိမှာ ဖြစ်ပါတယ်။ 

(၂) အာဏာခွဲဝေမှု၊ သယံဇာတခွဲဝေမှုနှင့် ဖက်ဒရယ်ဘဏ္ဍာရေးစနစ်ကို ကျင့်သုံးမှာဖြစ်ပါတယ်။ 

(၃) ပြည်ထောင်စုရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့များဟာ အရပ်သားအစိုးရရဲ့ ကွပ်ကဲမှုနဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိရမှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲတပ်ဖွဲ့နဲ့ ပြည်နယ်ရဲတပ်ဖွဲ့များကို သီးခြားစီ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ပြည်နယ်လုံခြုံရေးတပ်များလည်း ဖွဲ့စည်းခွင့်ရှိပြီး ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပြည်နယ်လုံခြုံရေးတပ်ဖွဲ့များဟာ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိမှာဖြစ်ပါတယ်။ ပြည်ထောင်စုအင်္ဂါစဉ်မှာ ပြည်နယ်အကြီးအကဲများဟာ ပြည်ထောင်စုအစိုးရ ဝန်ကြီးရဲ့ အထက်မှာ ရှိပါမယ်။ 

(၄) ပြည်ထောင်စု ဥပဒေပြုရေးအတွက် အာဏာတူတဲ့ ဖက်ဒရယ်အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် ၂ ရပ် ဖွဲ့စည်းမှာဖြစ်ပါတယ်။ အထက်လွှတ်တော်ကို ပြည်နယ်အသီးသီးက တူညီသောအရေအတွက်ဖြင့် ရွေးချယ်စေလွှတ်သော ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းမှာ ဖြစ်ပြီး အောက်လွှတ်တော်ကိုတော့ မြို့နယ်ကိုဖြစ်စေ၊ လူဦးရေကိုဖြစ်စေ အခြေခံ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ 

(၅) ဖက်ဒရယ်ပြည်ထောင်စုမှာ နိုင်ငံရေးနှင့် ဘာသာရေး ရောယှက်ခြင်းမရှိသော၊ ဘာသာရေးကို အခြေမခံသော စနစ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။

(၆) မြေနှင့် သဘာဝ သယံဇာတ စီမံခန့်ခွဲခြင်းဆိုင်ရာ ဥပဒေများကို သက်ဆိုင်ရာပြည်နယ်များက လွတ်လပ်စွာ ရေးဆွဲပြဋ္ဌာန်းပိုင်ခွင့် ရှိမှာ ဖြစ်ပါတယ်။ ပြည်နယ်အတွင်းရှိ မြေနဲ့ သဘာဝ သယံဇာတအရင်းအမြစ်များအားလုံးကို သက်ဆိုင်ရာ ပြည်နယ်သားများက ပိုင်ဆိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။ 

(၇) ပြည်ထောင်စုအတွင်း တန်းတူရေးကို အကောင်အထည်ဖော်နိုင်ရန် ဆုံးဖြတ်ချက်ချမှတ်သည့် အဆင့်တိုင်းမှာ အမျိုးသမီးများ အနည်းဆုံး ၃၀% ပါဝင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

ရှေ့ဆက်သွားမယ့် ခြေလှမ်းများ

ပထမအကြိမ် ပြည်သူ့ညီလာခံကြီး အပြီးမှာ နွေဦးတော်လှန်ရေး လမ်းပြမြေပုံရဲ့ အဆင့် (၁) ကနေ (၆) အထိ အောင်မြင်ပြီးမြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး NUCC က ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမှာတွေက အဆင့် (၇) အရ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် မဟာဗျူဟာတွေ ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဆင့် (၈) အရ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ်ကို ရေးဆွဲပြီး ပြည်သူ့ညီလာခံကို တင်ပြ အတည်ပြုပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် တော်လှန်ရေးအောင်မြင်လို့ ကြားကာလ ကုန်ဆုံးပြီး အသွင်ကူးပြောင်းရေးကာလ စတင်ချိန်မှာ အဆင့် (၉) အဖြစ်နဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရကနေ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရကို အာဏာလွှဲပြောင်းရေး စီစဉ်ပေးရမှာ ဖြစ်ပါတယ်။ အဲဒီနောက် အဆင့် (၁၀) တိုင်းပြုပြည်ပြုညီလာခံ (Constitutional Assembly) ခေါ်ယူကျင်းပပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲအတည်ပြုခြင်း၊ အဆင့် (၁၁) တိုင်းပြုပြည်ပြုညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဋ္ဌာန်းခြင်းနှင့် ရွေးကောက်ပွဲများ ကျင်းပခြင်း နဲ့ အဆင့် (၁၂) အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်များကို ဖွဲ့စည်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေစနစ် (Constitutionalism) အရ လိုက်နာကျင့်သုံးခြင်းတို့ကို ဘယ်လိုဘယ်ပုံ တာဝန်ခံအကောင်အထည်ဖော်မလဲ ဆိုတာကိုတော့ "အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ" မှာ ဖော်ပြလိမ့်မယ် ထင်ပါတယ်။  

လက်ရှိအခြေအနေကို အခုလို သုံးသပ်မိပါတယ်။

(၁) နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍနဲ့ လုပ်ငန်းစဉ်များ၊ တာဝန်ယူမှု၊ တာဝန်ခံမှုများ ပိုပြီး ထင်ရှားလာခဲ့ပြီ။

(၂) ပြည်တွင်းမှာ CDM ဝန်ထမ်းများနဲ့ အထွေထွေသပိတ်အင်အားစုများရဲ့ အကြမ်းမဖက် ဆန့်ကျင်ဆန္ဒပြမှုတွေကြောင့် အာဏာသိမ်းပြီး တစ်နှစ်ပြည့်ပြီးတဲ့အထိ မင်းအောင်လှိုင် ဖက်ဆစ်တပ်ဟာ တိုင်းပြည်ကို အုပ်ချုပ်ခွင့် မရနိုင်သေး။ 

(၃) ဒေသအလိုက် PDF တပ်ဖွဲ့များနဲ့ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့များရဲ့ တိုက်ခိုက်မှုကြောင့် ဖက်ဆစ်တပ်သားတွေ လစဉ်၊ လစဉ် ရာပေါင်းများစွာ သေဆုံးနေကြတယ်။

(၄) အကြောက်တရားတွေ ကြီးကြီးမားမားနဲ့ ဖက်ဆစ်တပ်သားတွေဟာ ရှေ့တန်းထွက်ဖို့ ငြင်းဆန်ပြီး တပ်ထဲကနေ နေ့စဉ် ထွက်ပြေးနေကြတယ်။ တချို့လည်း ပြည်သူတွေဘက်ကို ပူးပေါင်းလာနေကြတယ်။ ဒီလိုနဲ့ မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်တပ်ကြီးဟာ ဗိုလ်ချုပ်တွေသာ ကျန်ပြီး တပ်သားတွေမရှိတဲ့ တပ်ပျက်ဖြစ်ခါနီးနေပါပြီ။ တပ်သားသစ် စုဆောင်းလို့ မရနိုင်တော့လို့ အိမ်ထောင်သည်တွေ၊ စစ်မှုထမ်းဟောင်း သက်ကြီးရွယ်အိုတွေကို စည်းရုံးနေရတဲ့ အချိန် ရောက်နေပြီ။

(၅) တစ်ဘက်မှာ ဖက်ဆစ်တပ်အပေါ် ပြည်သူလူထုရဲ့ အမုန်းတရား၊ စက်ဆုတ်ရွံရှာမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြီးမားလာလို့ PDF တပ်ထဲ ဝင်ရောက်သူတွေ ပို၍ပို၍ များပြားလာသလို PDF တပ်ဖွဲ့များ ရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေကလည်း ပိုပြီး မြင့်မားလာနေတယ်။  

(၆) နိုင်ငံတကာအစိုးရများရဲ့ စီးပွါးရေးပိတ်ဆို့မှုနဲ့ ပြည်သူများရဲ့ သပိတ်မှောက်မှုကြောင့် ဖက်ဆစ်တပ်ရဲ့ ငွေကြေးရရန်လမ်းကြောင်းများ ရပ်တန့်ပြီး စစ်အုပ်စုဟာ စီးပွါးရေးအရ ချွတ်ချုံကျနေပြီ။

(၇) နိုင်ငံတကာ မျက်နှာစာမှာလည်း ဖက်ဆစ်တပ်ဟာ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်မရသလို အာဆီယံနိုင်ငံများအသင်းရဲ့ အစည်းအဝေးကိုတောင် တက်ရောက်ခွင့် မရနိုင်တော့။ သူအားကိုးတဲ့ တရုတ်အစိုးရကတောင်မှ မင်းအောင်လှိုင်ကို ဆောင်းရာသီအိုလံပစ်ပွဲကို တက်ရောက်ဖို့ မဖိတ်ကြားခဲ့။ 

(၈) မြန်မာနိုင်ငံရဲ့ ဒေသအချို့၊ အထူးသဖြင့် ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းတွေမှာ တော်လှန်ရေးအင်အားစုတွေက မြေပြင်စိုးမိုးမှုတွေ ရရှိပြီး ဒေသအုပ်ချုပ်ရေး စတင် ထူထောင်နိုင်နေကြပြီ။

(၉) CDM ဝန်ထမ်းများ ၊ အထွေထွေသပိတ်အင်အားစုများ၊ PDF တပ်များ၊ NUG၊ CRPH၊ NUCC နဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများအကြား ပေါင်းစည်းဆက်သွယ်မှု၊ ညီညွတ်ခိုင်မာမှုတွေက ပိုပြီး ရင့်ကျက်လာနေပြီ။

(၁၀) ပြည်သူ့ ညီလာခံက အတည်ပြုလိုက်တဲ့ "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံရေးဆွဲရာမှာ ကျင့်သုံးရမယ့် ပြည်ထောင်စုမျှော်ရည်ချက်နဲ့ စံတန်ဖိုးများ (Vision and Values)၊ လမ်းညွှန်မူဝါဒများ" ဟာ တိုင်းရင်းသားလူမျိုးစုများ နှစ်ပေါင်းများစွာ တောင်းဆိုနေတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တန်းတူညီမျှခွင့်တွေကို အာမခံထားတာ ဖြစ်လို့ တိုင်းရင်းသားများနဲ့ ဗမာများအကြား ယုံကြည်စည်းလုံးမှုတွေ ရရှိနေပြီ။

ဒီအခြေအနေ အားလုံးဟာ နွေဦးတော်လှန်ရေးကြီး မကြာခင်မှာ အောင်ပွဲခံနိုင်တော့မယ်ဆိုတာကို ညွှန်ပြနေတဲ့ အညွှန်းကိန်းတွေ ဖြစ်ပါတယ်။

အောင်ပွဲနှင့် နီးလေလေ ၊ စိန်ခေါ်မှုတွေ ပိုများလေလေ

စစ်အာဏာရှင်စနစ်ကြီးကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင် ဖယ်ရှားမယ့် တော်လှန်ရေး လမ်းခရီးဟာ အောင်ပွဲနဲ့ နီးလာလေလေ၊ စိန်ခေါ်မှုတွေ ပိုများလေလေပါ။ ဖက်ဆစ်စစ်တပ်ရဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ၊ လုယက်သတ်ဖြတ်မှုတွေ၊ အဓမ္ဓအနိုင်ကျင့်ရက်စက်မှုတွေ ပိုပြီး ဆိုးဝါးလာပါလိမ့်မယ်။ အဖိနှိပ်ခံ ပြည်သူတွေ၊ ကျောင်းသားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေကြား လက်ရှိ တည်ရှိနေတဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးဖို့ မလိုသူတွေက ပိုပြီး ကြိုးစားကြပါလိမ့်မယ်။ စည်းလုံးမှုတွေ ပြိုကွဲအောင် သံသယတွေ အမြောက်အများ ဖန်တီးကြပါလိမ့်မယ်။ သေနတ်နဲ့ တိုက်လို့ မနိုင်တော့တဲ့အခါ ကွန်ပြူတာ ကီးဘုတ်တွေကို သုံးပြီး အင်တာနက်ကတဆင့် ကောလဟာလ သတင်းမှားတွေနဲ့ တိုက်ခိုက်ကြပါလိမ့်မယ်။ တော်လှန်ရေးကို ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်များထဲမှာလည်း အပြောမတတ်၊ အနေအထိုင်မတတ်သူတွေ ၊ ပြည်သူလူထုကို နားမလည်သူတွေ ရှိပါလိမ့်မယ်။ တော်လှန်ရေးအင်အားစုများ စုပေါင်းဆွေးနွေး ကတိပြုထားတဲ့ ဖက်ဒရယ် ပဋိညာဉ်ပါ တန်းတူညီမျှ ပြည်ထောင်စုမူဝါဒတွေ၊ တိုင်းရင်းသားအခွင့်အရေးတွေကို မသိချင်ယောင်ဆောင်ပြီး လူသတ်သမားရဲ့ သွေးဝနေတဲ့ ပါးစပ်ဖျားကပြောတဲ့ ငြိမ်းချမ်းရေးစကားတွေကိုမှ နားဆင်ချင်၊ သာယာချင်ကြသူတွေလည်း ရှိပါလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ ပြည်သူလူထုနဲ့ အနီးကပ်ဆုံးနေရာမှာ ရောက်ရှိနေပါပြီ။ ယုံကြည်ပါ။

အောင်ဒင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024