Home
မြန်မာသတင်း
“သတ္တိရှိရှိသတ်ဖြတ်နေကြမယ်ဆိုရင် ပန်းတိုင်ကို ရောက်မည်မဟုတ်” ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး
DVB
·
March 29, 2022

တပြည်လုံးမှာ အားလုံးက အပြန်အလှန် သတ်ဖြတ်နေကြရင် ငြိမ်းချမ်းရေးပန်းတိုင် ရောက်မှာမဟုတ်ဘဲ မျက်နှာချင်းဆိုင် အပြန်အလှန် စားပွဲပေါ်မှာ ဆွေးနွေးရမှာ ဖြစ်တယ်လို့ ကရင်မျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက ပြောကြား လိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ စတုတ္ထအကြိမ် ထိပ်သီးခေါင်းဆောင်များညီလာခံ (ဒုတိယအပိုင်း)ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ  မတ်လ ၂၉ ရက် ဒီနေ့ကျင်းပရာမှာ ကေအန်ယူခေါင်းဆောင်က ပြောကြားခဲ့တာပါ။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “အထူးဖိတ်ကြားသူအဖြစ် ကျနော် လာခဲ့တာ ဘယ်သူ့ကိုမှ ကိုယ်စားပြုပြီးလာခဲ့တာ မဟုတ်ဘူး။ ကျနော့်ကိုယ်ကျနော် ကိုယ်စားပြုပြီးလာခဲ့တာ ဖြစ်တယ်။ ခပ်တိုတိုပဲ ပြောချင်ပါတယ်။ ဒီနေ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပဋိပက္ခဟာ ကျနော်တို့ အခုလိုပွဲမျိုးနဲ့ ဆက်ပြီးလှုပ်ရှားဖို့၊ သွားဖို့ မဖြစ်ပါဘူး။ ဒီအတိုင်းပဲ သွားကြမယ်ဆိုရင် ကျနော် ပြောရဲပါတယ်။ ကျနော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းရေး၊ လူမျိုးချင်း မတူသော်လည်း ကျနော်တို့ ရည်မှန်းထားတဲ့ ငြိမ်းချမ်းစွာ အတူတကွ ရှည်တွဲနေထိုင်ရေးက ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ အခု လူမျိုးချင်း မတူသော်လည်း ငြိမ်းချမ်းစွာ အတူနေထိုင်သွားနေရေးက တပြည်လုံးမှာ ကြားနေရတဲ့အသံ၊ အခုလောလောဆယ် အားလုံးက သိနေကြပါတယ်။ တပြည်လုံးမှာ အားလုံးက အပြန်အလှန် သတ်နေကြတယ်။ Facebook မှာ ပြန်ကြည့်မယ်ဆိုရင်လည်းပဲ အားလုံးဟာ ရှုပ်ထွေးနေတဲ့ အချိန်ကာလပဲ ဖြစ်တယ်။ အဲဒီတော့ အခု စကားပြောခွင့်ရတဲ့အတွက် ကျနော့်အနေနဲ့ လာပြီး ညွှန်ကြားတာ၊ မိန့်ခွန်းပြောတာ မဟုတ်ဘဲနဲ့ ကျနော့်ရဲ့ သဘောထားနဲ့ ခံယူချက်၊ အခုဖြစ်နေတဲ့ပြဿနာက အပြန်အလှန် သတ်ချင်နေတဲ့၊ သတ်နေကြတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ကျနော်တို့ ရပ်တန်းက မရပ်နိုင်ဘဲ ဒီအတိုင်းသာ သွားနေကြမယ်ဆိုရင် ကျနော် ပြောရဲပါတယ်။ ကျနော်တို့တိုင်းပြည်က ငြိမ်းချမ်းရေးက ကျနော်တို့သက်တမ်းမှာ မမီတော့ပါဘူး။ ကျနော်တို့ ကွဲကွဲပြားပြားနဲ့ပဲ နိဂုံးချုပ်သွားရမှာ။ အဲဒီတော့ NCA လက်မှတ်ထိုးတုန်းက ကျနော် ပြောခဲ့သလိုပဲ၊ ကျနော်တို့ အားမနာတမ်း ရဲရဲတောက် သတ်ဖြတ်ခဲ့သလို အခု ငြိမ်းချမ်းရေးယူတဲ့နေရာမှာလည်းပဲ ကျနော်တို့ သတ္တိရှိရှိ သွားရမှာ ဖြစ်တယ်။”လို့ပြောပါတယ်။

အခုအခြေအနေ တိုင်းပြည်ရဲ့ပြဿနာက စားပွဲပေါ်မှာပဲ သွားရမှာဖြစ်တယ်၊ သတ္တိရှိရှိသတ်ဖြတ်နေကြမယ်ဆိုရင် ပန်းတိုင်ကို ရောက်မှာ မဟုတ်ဘဲ ဆန္ဒရှိမယ်ဆိုရင်  မျက်နှာချင်းဆိုင် အပြန်အလှန် စားပွဲပေါ်မှာ ဆွေးနွေးရမှာဖြစ်တယ်လို့လည်းပြောပါတယ်။

“ ဒီပြဿနာကို ကျနော့်ကို လာမေးတိုင်း အဖိုးကြီးအို ခါးကုန်းကုန်း ကျောင်းနေတုန်းကအတိုင်း ကျနော်ရွက်ပြတယ်။ နောက်လ ဧပြီလကျရင် ၈၉ နှစ်ပြည့်ပြီ ကျနော်မသေသေးပါဘူး။ ဒါကြောင့် နောက်နှစ်ခါ ဒီအဖိုးကြီးကြည့်ချင်တဲ့ပွဲဟာ ငြိမ်းချမ်းရေးပွဲဖြစ်ပါတယ်။ အခုလိုပွဲမျိုးမဟုတ်ပါဘူး။ အခုပြောနေတာတွေက တဖက်က ခေါင်းဆောင်တွေကြားမှာပဲလို့ ယုံကြည်တယ်။ ဒါကြောင့် အခုလိုဖြစ်နေတဲ့ ပြဿနာတွေကို စားပွဲပေါ်မှာ တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းကြဖို့ပဲဖြစ်တယ်။ အာဃာတတရား အမုန်းတရားတွေ အခြေခံတွေနဲ့ ဖြေရှင်းလို့ရဘူး ဒီလိုလူသတ်ပွဲတွေနဲ့ ဖြေရှင်းသွားလို့ မရဘူး။ စားပွဲပေါ်မှာ လမ်းရှာပြီး ဖြေရှင်းသွားနိုင်ဖို့ပြောကြားရင်း နိဂုံးချုပ်ပါတယ်”လို့  ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးကပြောပါတယ်။

ကေအန်ယူခေါင်းဆောင်က တွေ့ဆုံဆွေးနွေးဖို့တိုက်တွန်းနေပေမဲ့ မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်တွေက ကျေးရွာတွေကို မီးရှို့၊ ရွာသားတွေကို ဖမ်းဆီး သတ်ဖြတ် လေယာဉ်တွေ အမြောက်တွေနဲ့ နေ့စဉ်လိုလို ပစ်ခတ်တိုက်ခိုက်နေသလို  အာဏာ သိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေတဲ့အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှာမဟုတ်ဘဲ နှိမ်နင်းသွားမယ်လို့ ဖက်ဆစ်တော်လှန်ရေးနေ့ မတ်လ ၂၇ ရက်နေ့က မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့လည်း ဒီအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့ပေးတာတွေ မလုပ်ကြဖို့နဲ့ ဥပဒေဘောင်အတွင်းမှာနေထိုင်ကြဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က  သတိပေးထားပါတယ်။

အခုကျင်းပနေတဲ့ စတုတ္ထအကြိမ် NCA-S EAO ထိပ်သီးခေါင်းဆောင်များ ညီလာခံ (ဒုတိယပိုင်း)ကို ဧပြီ ၂ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ညီလာခံမှာ  တိုင်းရင်းသားပေါင်းစုံပါတဲ့ ညီလာခံကျင်းပနိုင်ရေးကိစ္စအပြင် နိုင်ငံရေးလမ်းပြမြေပုံနဲ့ EAOs တွေရဲ့ စုဖွဲ့မှုပုံစံအသစ်တွေကို ဆွေးနွေးဖို့ရှိနေပါတယ်။

ဒီကနေ့ညီလာခံဖွင့်ပွဲအခမ်းအနားဦးဆောင်သဘာပတိတွေအဖြစ် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ နိုင်ဟံသာ တို့က ဆောင်ရွက်ခဲ့ကြပြီး မိန့်ခွန်းတွေ အသီးသီး ပြောကြားခဲ့ကြတာပါ။ 

အထူးဖိတ်ကြားထားသူတွေအဖြစ် ကနေဒါ၊ ဖင်လန်၊ နော်ဝေ၊  ဩစတြေးလျ၊ အီတလီ၊ ဆွစ်ဇာလန်နိုင်ငံက သံအမတ်ကြီးတွေနဲ့ နိုင်ငံတကာ သံတမန်တွေ၊ USAID   အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့  လေ့လာသူတွေ တက်ရောက်ပါတယ်။ 

အန်စီအေအပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲက  ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)နဲ့  ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အပါအဝင်  ၅ ဖွဲ့ကတော့ အာဏာသိမ်းစစ်ကောင်စီဩဇာခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဆွေးနွေးရေးကော်မတီ(NSPNC)တို့ မတ်လ ၂၈ ရက်က  နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။

Photo-NCA-EAOs

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024