စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသမှာ မတ် ၂၈ ရက် မနက် ၁၁ နာရီခွဲလောက်က စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ အသေအပျောက်ရှိတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတဲ့အဖွဲ့ဟာ အိန္ဒိယလမ်းဆိုဒ်အနီးမှာတပ်စွဲနေထိုင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဖြစ်ပြီး မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်း ၈၉ မိုင်အရောက်မှာ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအဖွဲ့ဟာ ကလေးဝ ဘက်ကနေ မင်းကင်းမြို့နယ် တောင်တွင်းဒေသဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို အကြိုသွားစဥ်မှာ အခုလို မိုင်းဆွဲတိုက်ခိုက်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကို MKPDF တပ်ရင်း ၂၊ တပ်ခွဲ ၁ နဲ့ တောင်တွင်းမြွေပွေး PDF တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၅ ဦး ကျဆုံးခဲ့ကာ ဒေသခံ PDF ပူးပေါင်းအဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့ PDF ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီအဖွဲ့ အထိနာသွားတာကြောင့် မြို့မကျေးရွာအနီးရှိ တပ်စွဲနေထိုင်တဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို စစ်ကူခေါ်ယူခဲ့ရပြီး မိုင်းဆွဲခံရတဲ့အနီးက လူနေအိမ်တစ်လုံးနဲ့ နွားစာကောက်ရိုးစင်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ နေ့စဥ်လိုလို ထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေပြီး စစ်ရေးအခြေအနေလည်း တင်းမာနေပါတယ်။