အခုလာမယ့် ၂၀၂၂ သင်္ကြန်ပွဲတော်ကို ပဲခူးတိုင်း၊ ပေါင်းတည်မြို့မှာ ကျင်းပဖို့အတွက် သစ်သမားတွေနဲ့ လောင်းကစားဝိုင်းတွေထံကနေ ငွေကောက်ခံပြီး ကျင်းပဖို့ စီစဉ်နေတယ်လို့ ဒေသခံ စစ်ကောင်စီထွေအုပ် အသိုက်အဝန်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်နေ့က သင်္ကြန်ပွဲတော်ကိစ္စနဲ့ ပတ်သက်လို့ ဌာနဆိုင်ရာပေါင်းစုံခေါ်ပြီး အစည်းအဝေးကျင်းပခဲ့ပါတယ်။
ပေါင်းတည်မြို့ခံ တယောက်က “သူတို့က အစည်းအဝေးမတိုင်ခင်ကတည်းက ပြည်ကိုသွားပြီး တီးဝိုင်းသွားငှားတယ်။ ရ မရတော့မသိဘူး။ ရပ်ကွက်ထဲမှာလည်း ခါတိုင်းလိုငွေကောက်တာတော့မရှိသေးဘူး၊ ဒါပေမဲ့ သစ်သမားတွေထံကတော့ မဏ္ဍပ် တခုလုံးစာတို့ ဘာတို့အတွက် အလှူခံထားတယ်လို့ကြားတယ်၊ ကျန်တာတော့ နှစ်လုံးသုံးလုံးနဲ့ လောင်းကစားဝိုင်းတွေကနေ လှည့်တောင်းဦးမှာပေါ့။ အခုကလည်း စစ်အာဏာသိမ်းပြီးကတည်းက ပေါင်းတည်မှာ လောင်းကစားဝိုင်းတွေ တရား၀င်လုပ်ခွင့် ရနေသလိုပဲ။ ကြက်၊ ဖဲ ၊ ဂျင်၊ ဂျူံးဂျူံးကျ အစုံပဲ သူတို့ဆီက လိုင်းကြေးတွေက သိန်းနဲ့ချီပြီးနေ့တိုင်း ရနေတာလေ၊ အဲ့ဒီဒိုင်တွေကိုပဲစီစဉ်ခိုင်းမှာပေါ့” လို့ ပြောပါတယ်။
အစည်းအဝေးတက်ရောက်ခဲ့တဲ့ ဒေသခံတယောက်ကတော့ “ ၊ပေါင်းတည်မြို့မှာက ရပ်ကွက်ကြီး ၁၂ ခုရှိပြီး ၂ ရပ်ကွက်တယိမ်း ထွက်ရမှာ။ အဲဒီတော့ ယိမ်း ၆ ယိမ်းထွက်ရမှာပေါ့။ ယိမ်းတယိမ်းကို အသုံးစရိတ် ၃ သိန်းသတ်မှတ်ထားတယ်။ မီးမမှန်လို့ ရေအခက်အခဲကို မဏ္ဍပ်နောက်မှာ တာလဘတ်နဲ့ ရေကန်လုပ်ပြီးရေကို မီးသတ်ကားတွေအကူအညီနဲ့ လုပ်ဖို့စီစဉ်ထားတယ်” လို့ပြောပါတယ်။
ဗဟိုမဏ္ဍပ်ကိုတော့ ခါတိုင်းနှစ်တွေလို ရန်ကုန်-ပြည်လမ်းပေါ်မှာဆောက်မှာမဟုတ်ဘဲ မင်းကွပ် ၁ ရပ်ကွက်၊ အရှေ့လမ်းမှာဆောက်ဖို့ စီစဉ်ထားတယ်လို့လည်း အစည်းအဝေးကနေ သိရပါတယ်။