Home
မြန်မာသတင်း
နတ်မောက်မြို့နယ်၌ ငါးပြေမပြောက်ကျားတပ်ဖွဲ့၏ ယာယီစခန်းကို စစ်တပ်က ဝင်ရောက်စီးနင်း
DVB
·
March 26, 2022

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ မတ်လ ၂၆ ရက် မနက်က  ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့လို့  PDF ရဲဘော် ၂ ယောက်ဖမ်းဆီး ခံလိုက်ရတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။

ဒီကနေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သားအင်အား ၁၂ ယောက်လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာမှာ  ရဲဘော် ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။

“စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေနဲ့ လာကြတာဗျ။ သူတို့စီးလာတဲ့ ဆိုင်ကယ်တွေကို တနေရာမှာထားပြီး ခြေလျင်ဝင်ဖမ်းသွားတာ။ အဓိကတော့ သတင်းပေး ဒလန်တွေက နေရာအတိကျနဲ့ သတင်းပေးလို့ ရဲဘော်ကံကောင်းနဲ့ ခန့်ခန့်တို့ နှစ်ယောက်အဖမ်းခံခဲ့ရတာ။ အဲဒီစခန်းမှာက ကျနော်တို့ဆီက ရဲဘော်တွေကို လူခွဲပြီး ယာယီစခန်းချနေထိုင်တာ၊ ရဲဘော် ၂ ယောက်တည်းရှိတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာပါ။ အဲဒီစခန်းက P365 သေနတ်တစ်လက်နဲ့ လက်လုပ်သေနတ်တချို့ သိမ်းဆည်း ခံလိုက်ရတယ်။”

ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော် ၂ ယောက်ဟာ လွတ်မြောက်နယ်မြေကို သွားချင်ပေမဲ့ နတ်မောက်မြို့နယ်ကို ပစ်မထားခဲ့နိုင်ဘူးဆိုပြီး စစ်ကောင်စီတပ်တွေကို လက်နက်ကိုင် တော်လှန်နေတဲသူတွေဖြစ်တယ်လို့ လည်းဆိုပါတယ်။

သူတို့ ၂ ယောက်ကို ရွာမွန် စစ်ကောင်စီတပ်ထဲကို ခေါ်သွားတယ်လို့ သိရပြီး နောက်ဆက်တွဲ အခြေအနေတွေကို သိရဖို့  အဆက်မပြတ်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024