စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ ဒေသခံ လူငယ် ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး မိသားစုထံကနေ ကျပ်ငွေ ၁၈ သိန်း အဓမ္မ ငွေညှစ်ယူဆောင်သွားခဲ့တယ်လို့ သူနဲ့ နီးစပ်တဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ရွှေမင်းဝံရပ်ကွက်ထဲက ကိုအောင်ဖြိုးကျော်(ခ)ဖိုးကျော်ကို PDFဖြစ်တယ်ဆိုပြီး စစ်ကောင်စီက သတင်းလွှင့်စွပ်စွဲလိုက်ဖမ်းနေတာကြောင့် ကိုဖိုးကျော်ဟာ အိမ်မနေရဲဘဲထွက်ပြေးနေစဉ် မိသားစုကို ဓားစားခံအဖြစ်ဖမ်းမယ်လို့ ခြိမ်းခြောက်တာကြောင့် အိမ်ကိုပြန်လာခဲ့ရပြီး မတ်လ ၂၄ ရက် မနက် ၁၀ နာရီလောက်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။
အခုလို ဖမ်ဆီးထားစဉ် ငွေပေးရင် ပြန်လွှတ်ပေးမယ်ဆိုပြီး စစ်ကောင်စီက ကိုဖိုးကျော်ရဲ့ မိသားစုထံကနေ ငွေညှစ်နေတာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကိုဖိုးကျော်ကို လာဖမ်းတုန်းကလည်း စစ်ကောင်စီတွေက ငွေ၃ သိန်းကို ပိုက်ဆံထည့်ထားတဲ့အန်ဆွဲထဲကနေ နေယူသွားတယ်။ နောက်ထပ်လည်း ကိုဖိုးကျော်ကို လွှတ်ပေးမယ် ၁၅ သိန်းထပ်ပေးလို့ ပြောတယ်။ မိသားစုက လည်းထပ်ပေးလိုက်တယ်။ စုစုပေါင်းဆို ၁၈ သိန်းပေးလိုက်ရတယ်။ အခုလည်း ကိုဖိုးကျော်ကိုဖမ်းထားတယ်။ လွှတ်မပေးသေးဘူး။ လွတ်မပေးတဲ့အပြင် မိသားစုကြောက်တာကို အခွင့်ကောင်းယူပြီး နေအိမ်ကို ထပ်ပြီးချိပ်ပိတ်မခံရအောင် ငွေ ကျပ် သိန်း ၄၀ ထပ်တောင်းနေတယ်။”
စစ်ကိုင်းမြို့ပေါ်မှာ စစ်ကောင်စီတပ်က အခုလိုအပစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး ငွေတောင်း ငွေညှစ်နေတာကြောင့် စစ်ကိုင်းမြို့ခံတွေက စိုးရိမ်နေကြပါတယ်။
ရန်ကုန်၊ မန္တလေးအပါအဝင် တခြားမြို့တွေမှာလည်း စစ်အာဏာရှင်ဆန့်ကျင်တဲ့ တက်ကြွလှုပ်ရှားသူတွေ၊ လူငယ်လူရွယ်တွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေနဲ့ ငွေတွေကို အဓမ္မယူသွားတာရှိသလို အဖမ်းခံရတဲ့ အခါမှာလည်း နယ်မြေရဲစခန်းတွေက ငွေညှစ်တောင်းခံတာတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေပါတယ်။