မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ အမှတ် ၁၃ ဖောင်ဆိပ်မှာ မတ်လ ၂၅ ရက်က ဧရာဝတီမြစ်အတွင်းရေဆင်းချိုးတဲ့ မိသားစု ၄ ဦးအပါအဝင် စုစုပေါင်း ၆ ဦး ရေနစ်သေဆုံးခဲ့ပြီး ၅ ဦးအလောင်းကိုသာ ကယ်ဆယ်ရသေးတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ဒေသခံတစ်ဦးက"မီးမလာလို့ ပခုက္ကူဖောင်ဆိပ်မှာ ရေသွားချိုးရင်းကနေ ဖြစ်တာ။ ဖြစ်စဥ်အနီးတစ်ဝိုက်မှာ လူသိပ်မရှိဘူး။ အခုက တစ်ဦးကို တစ်ဦးကယ်ရင်းနဲ့ ဖြစ်သွားတယ်လို့ သုံးသပ်နေကြတယ်"လို့ ဆိုပါတယ်။
ရေနစ်ပြီးနောက်မှ ကယ်ဆယ်ရေးအဖွဲ့တွေရောက်ရှိလာပြီး အလောင်းလိုက်ဆယ်ရပြီး မတ်လ ၂၅ ရက် ညနေပိုင်းအထိ ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ပေမယ့် အလောင်း ၅ လောင်းသာ ပြန်ဆယ်ရတယ်လို့ သိရပါတယ်။
"သူတို့မနေ့ညကထိတော့ ရှာနေကြတယ်။ လင်မယား နှစ်ယောက်ရယ်၊ အလုပ်သမား နှစ်ယောက်ရယ်၊ သားနှစ်ယောက်ရယ် စုစုပေါင်း ၆ ယောက် သေဆုံးတာပါ"လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
ရေနစ်သေဆုံးသူတွေက ပခုက္ကူ အမှတ် ၁၅ ဆင်ပေါက်လှ ရပ်ကွက်မှာ နေထိုင်သူမိသားစုဖြစ်ပြီး ဆယ်ယူရရှိတဲ့အလောင်းတွေကို ရင်ခွဲရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်အတွင်း ရေဆင်းချိုးရင်း ရေနစ်သေဆုံးကြတာတွေရှိပေမယ့် အခုတစ်ခါက အများဆုံး ရေနစ်သေဆုံးမှု ဖြစ်ပါတယ်။