ဘန်ကောက်နှင့် ပတ္တယားတွင် မေ ၂၂ ရက်နေ့ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကျင်းပရန် အတည်ပြု

bk governor

ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်နဲ့ ပတ္တယားတို့မှာ လာမယ့် မေ ၂၂ ရက်မှာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကျင်းပဖို့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ဉက္ကဋ္ဌ အစ်ထိဖွန် ဘွန်ပရာခွန်က အဆိုပါ  မြို့ ၂ မြို့မှာ ရွေးကောက်ပွဲ ကျင်းပမယ့် နေ့ရက်တွေ ပါဝင်တဲ့ ကြေညာချက် နှစ်စောင်ကို လက်မှတ်ရေးထိုးခဲ့ပြီး ဒါဟာ ကော်မရှင်က အစောပိုင်း စီစဉ်ထားတဲ့ လုပ်ငန်းစဉ်အတိုင်း ထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။

ခုရွေးကောက်ပွဲမှာတော့ ဘန်ကောက်မြို့တော်မှာ လတ်တလော ရာထူးက နုတ်ထွက်ထားပြီး တသီးပုဂ္ဂလ ပါဝင်ယှဉ်ပြိုင်မယ့် မြို့တော်ဝန်ဟောင်း အက်စ်ဝင် ကွမ်မောင်း အပါအဝင် ၇ ယောက် ဝင်ရောက်ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။

ဒါ့အပြင် ပတ္တယားမြို့မှာလည်း ရာထူးက နုတ်ထွက်ထားတဲ့ မြို့တော်ဝန် ဆွန်တာရာ ခွန်ပလိုမီးက Rak Pattaya အဖွဲ့ရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မှာဖြစ်ကာ ဘန်ကောက်မြို့တော်ဝန် အက်စ်ဝင်နဲ့ ဆွန်တာရာတို့ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရာထူးတွေကနေ အသီးသီး နုတ်ထွက်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဘန်ကောက်နဲ့ ပတ္တယားမြို့တွေမှာ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတွေ မှတ်ပုံတင်တာတွေကိုတော့ လာမယ့် မတ် ၂၉ ရက်၊ ကြာသပတေးနေ့မှာ ဖွင့်လှစ်မှာဖြစ်ပြီး ဧပြီ ၄ ရက်မှာ ပိတ်မှာဖြစ်တယ်လို့  ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

//
More News
Up