Live
Home
မြန်မာသတင်း
ငွေစက္ကူများကို စိုးရိမ်ပူပန်မှုမရှိဘဲ ယုံကြည်စွာ သုံးစွဲနိုင်ဟု စစ်ကောင်စီ ပြော
DVB
·
March 24, 2022

နိုင်ငံတော်က တရားဝင်ထုတ်ဝေထားတဲ့ ငွေစက္ကူတွေကို ပြည်သူလူထုအနေနဲ့  စိုးရိမ်ပူပန်မှု မရှိဘဲ ယုံကြည်စွာ သုံးစွဲနိုင်တဲ့ အကြောင်း စစ်ကောင်စီခန့် ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက  မတ်လ ၂၄ ရက် ဒီနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ကျနော် ပြောလိုတာက အရင်တခေါက်ကလည်း ကျနော်တို့ ငွေစက္ကူနဲ့ ပတ်သက်ပြီး ကောလာဟလတွေ ထွက်လာတုန်းက ပြောထားပြီးသားဖြစ်ပါတယ်။ ဒါက ၂၀၀၈၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ- ၃၆ (င) အရ နိုင်ငံတော်သည် တရားဝင်ထုတ်ဝေထားတဲ့ ငွေကြေးကို တရားမဝင် ငွေကြေးအဖြစ် သတ်မှတ်ခြင်း မပြုလို့ ဖော်ပြထားပါတယ်။ ဒါကြောင့် ပြည်သူလူထုအနေနဲ့ စိုးရိမ်ပူပန်မှု မရှိဘဲ ယုံကြည်စွာ သုံးစွဲနိုင်ကြောင်း အသိပေးလိုပါတယ်” လို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။ 

ဒါပေမဲ့ လူထုအကြားမှာတော့  ငွေစက္ကူအတုတွေ ပိုမိုပျံ့နှံ့လာနေပြီး ဒါဟာ ဘဏ်တွေပေါ် လူထုရဲ့ ယုံကြည်မှု မရှိတာနဲ့ ဆက်စပ်မှု ရှိနေတယ်လို့ ဘဏ်ဝန်ထမ်းတဦးက သုံးသပ်ပြောပါတယ်။

“အရင်တုန်းကတော့ ဘဏ်တွေဆီကို လာရောက်အပ်နှံတဲ့အထဲ ငွေအတုတွေ ပါလာပြီဆိုရင် ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ပြီး ဖြေရှင်းခဲ့ပေမဲ့ အခုချိန်မှာတော့ ပြည်သူတွေဟာ ဘဏ်ကိုမယုံကြည်တော့တဲ့အတွက် ဘဏ်မှာလည်း ငွေအတုတွေ လာမစစ်နိုင်သလို၊ ဘဏ်တွေကလည်း ပြည်သူတွေ လိုအပ်ချက်ရှိတဲ့အတိုင်း ငွေကို အလုံအလောက် မထုတ်ပေးနိုင်တော့လို့ အခုလို ပြဿနာတွေ ဖြစ်ပေါ်လာရတာပါ။”

စစ်တပ်အာဏာမသိမ်းခင်အချိန်ကာလတွေမှာ ငွေအတုတွေရှိခဲ့ပေမဲ့ ပြည်သူတွေကြားထဲ လျင်လျင်မြန်မြန်မရောက်ခဲ့သလို အခုလို ငွေစက္ကူအတုတွေကို အွန်လိုင်းမှာ ပေါ်ပေါ်တင်တင် ရောင်းချတာတွေလည်း မရှိခဲ့ပါဘူး။

လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ ငွေစက္ကူအတုနဲ့ပတ်သတ်ပြီး တွေ့ရှိတဲ့အခြေအနေအပေါ် ပြန်ကြားရေး ဒုဝန်ကြီးက “လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ငွေစက္ကူအတု ရောင်းဝယ်ရေး၊ ဒါ ဖေ့စ်ဘွတ်ခ်ပေ့ချ်တွေ ဖွင့်ပြီးတော့ ကြော်ငြာ ရောင်းချပေး နေတာ တွေ့ရပါတယ်။ ငွေစက္ကူအသစ်တွေကို ဓါတ်ပုံရိုက်ပြီး ပေ့ချ်မှာ လိမ်လည်ဖော်ပြခြင်းနဲ့ ပုံအဟောင်းတွေ ကူးယူပြီး ဖော်ပြထားခြင်းကို တွေ့ရပါတယ်။ အင်တာနက်စာမျက်နှာပေါ်မှာ ငွေစက္ကူအတုများ ရောင်းချတယ် ဆိုပြီး အရောင်းအဝယ်ပြုလုပ်တာ မဟုတ်ဘဲ အွန်လိုင်းပေါ်မှာ ယုံကြည်အောင် ပြောဆိုပြီး ကြိုတင်လွှဲပို့တဲ့ ငွေတွေကို လိမ်လည် ရယူနေတာကိုလည်း တွေ့ရပါတယ်။ ငွေ ၃ သောင်း စရံ တောင်းခံပြီး ငွေရရှိပါက ကျနော်တို့ ထပ်မံ ဆက်သွယ်မှုမရဘဲ ဖုန်းပိတ်ထားတာမျိုးတွေ အကောင့်ဖျက်ပြီး ပြေးတာမျိုးတွေ လုပ်ဆောင်တာ ကျနော်တို့ တွေ့ပါတယ်။ နောက်တခုကတော့ ငွေစက္ကူအတုတွေကို ဘယ်နေရာမှာ ချထားမယ်၊ သွားယူပါ ဆိုပြီး ငွေကြိုလွှဲခိုင်းတာ၊ ပိတ်သွားတာ၊ လိမ်သွားတာ မျိုးတွေလည်း ကျနော် တို့ တွေ့ရှိရပါတယ်” လို့ ဆိုပါတယ်။

ဗဟိုဘဏ်ရဲ့ မှတ်တမ်းတွေအရ ငွေတုဖမ်းဆီးရရှိမှုက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ၁၉ ကြိမ်၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်မှာ  ၆ ကြိမ် နဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ၂၅ ကြိမ် ရှိခဲ့တာကြောင့် ငွေစက္ကူအတုဖမ်းဆီးရမှုက ပိုမိုများပြားလာကြောင်း တွေ့ရပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024