ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတွေ လျော့ကျလာခဲ့ပါက လာမယ့် ဇွန် ၁ ရက်က စတင်ကာ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားသွားဖို့ ရှိနေတယ်လို့ ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက ပြောပါတယ်။
လာမယ့် ဧပြီလထဲမှာ ကျင်းပဖို့ ရှိနေတဲ့ ဆုန်ခရန်သင်္ကြန်ပွဲတော်ကာလမှာ ရောဂါကူးစက်မှုနှုန်းတွေ တိုးမလာခဲ့ဘူးဆိုရင်တော့ ဝန်ကြီးဌာနအနေနဲ့ ကိုဗစ်-၁၉ ရောဂါအခြေအနေ စီမံကြီးကြပ်ရေးစင်တာ (စီစီအက်စ်အေ)နဲ့ အစိုးရအဖွဲ့ဆီ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ ဝင်ရောက်ခွင့်တွေအတွက် စည်းကမ်းတင်းကျပ်ထားတဲ့ ကန့်သတ်ချက်တွေ ဖြေလျှော့နိုင်ဖို့ တင်ပြသွားမယ်လို့ ဝန်ကြီး ဖိဖက်ထ် ရတ်ချာကစ် ပရာကန်က ပြောပါတယ်။
“အစိုးရက ခွင့်ပြုတယ်ဆိုရင်တော့ လာမယ့်ကာလမှာ ဒီအခြေအနေက တိုးတက်သွားဖို့ ရှိနေပြီး ဇွန် ၁ ရက်ကနေ စတင်ပြီးတော့ ဝန်ကြီးဌာနက ခရီးသွားကန့်သတ်ချက်တွေအားလုံးကို ဖယ်ရှားသွားနိုင်မှာ ဖြစ်တယ်။”
ဒီအစီအစဉ်အောက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်ထိုးနှံပြီးသူ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေအနေနဲ့ ထိုင်းနိုင်ငံတွင်း လွတ်လွတ်လပ်လပ် ဝင်ရောက်လာနိုင်မယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ခရီးသွားဧည့်သည်တွေကို ပြီးခဲ့တဲ့ ဧပြီ ၁ ရက်ကစတင်ကာ Test & Go အစီအစဉ်နဲ့ ၇၂ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုးကင်းရှင်းကြောင်း စစ်ဆေးတွေ့ရှိရမှ ဆက်လက်လည်ပတ်ခွင့်ပြုမယ့် အစီအစဉ်ကို ထားရှိဖို့ လိုအပ်တော့မှာ မဟုတ်ပါဘူး။
ခုလို ခရီးသွားလုပ်ငန်းကန့်သတ်ချက်တွေကို ပြောင်းလဲနိုင်မယ်ဆိုရင်တော့ နိုင်ငံ့စီးပွားရေးကို လှုံ့ဆော်ပေးနိုင်မှာဖြစ်ပြီး တပြိုင်တည်းမှာပဲ လာမယ့် ဇူလိုင်လထဲမှာ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉ ကို ကပ်ရောဂါအဆင့်ကနေ ပယ်ဖျက်တဲ့ ပေါ်လစီအောက်မှာလည်း ဆက်လက်ပြီးတော့ အကောင်အထည်ဖော်သွားနိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန (ဒီဒီစီ) က လာမယ့် ဆုန်ခရန် သင်္ကြန်ပွဲတော်ကာလအထိ နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း ၁ သိန်းထိ အဆိုးဝါးဆုံးအခြေအနေမှာ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားတာပါ။
လာမယ့် သီတင်းပတ်တွေထဲမှာ ရောဂါကူးစက်မှုအဆင့်တွေ လျော့ကျလာမလား၊ ဒါမှမဟုတ် ပြင်းထန်လာမလားဆိုတာကတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်မှုတွေ ဘယ်လို တင်းကျပ်ချမှတ်ထားမလဲဆိုတဲ့အပေါ် မူတည်တယ်လို့ ဒီဒီစီက ဆိုပါတယ်။