စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်း၊ မောင်းကုန်းကျေးရွာနဲ့ နီကယ်စက်ရုံအကြားမှာ မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ် ၁ စီးကို မတ်လ ၂၁ ရက်နေ့ ည ၈ နာရီကျော်လောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special.9-HPDF အဖွဲ့က ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်ပေါ်မှ်ပါလာတဲ့ စစ်ဆရာဝန် ဆေးမှူး ၁ ဦး အခင်းဖြစ်နေရာမှာ သေဆုံးသွားပြီး အပြင်းအထန် ဒဏ်ရာရရှိခဲ့တဲ့ တပ်ကြပ် ၁ ဦးကတော့ မတ် ၂၂ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဆိုပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ဆိုင်ကယ်တွေနဲ့ရောက်ရှိလာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Special.9-HPDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"စစ်ဆရာဝန်ပါတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်လိုက်တာပေါ့နော်။ ဆရာဝန်ကတော့ ပွဲချင်းပြီးသေသွားတယ်၊ တပ်သားအတော်များများလည်း ထိတယ်။ နှစ်ဆင့်ခွဲလိုက်တာပေါ့၊ ပထမတဆင့်ကခွဲပြီးတော့ သူတို့ရဲ့ ဆရာဝန်ထိတဲ့ ကားကို တခေါက်လာတဲ့ ရဲ(-)၊ စစ်(-)တွေ၊ အဲ့ဒါကို နောက်တချက်ပြန်ပြီးတော့ အဝေးထိန်းခလုတ်နဲ့ ပြန်ခွဲလိုက်တာပေါ့။”
ဒုတိယအကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့လည်း သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့သလို အနီးအနားက အရပ်သား ပြည်သူတချို့ကိုလည်း စစ်ဆေးတာတွေရှိခဲ့ပြီး အရပ်သား ၂ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ နယ်ခံတွေက ပြောပါတယ်။
Special.9-HPDF ရဲ့ တပ်ဖွဲ့ဝင်က "မနေ့ညကတော့ သူတို့ အဲ့နားလေးက ရှိတဲ့ သူတွေ လိုက်ပြီး ဖမ်းတာတို့ဘာတို့ရှိတယ်။ အရပ်သားနှစ်ဦးကို ဖမ်းထားတယ်လို့တော့ကြားတယ်၊ ကျနော်တို့နဲ့ မသက်ဆိုင်တဲ့ လူတွေပေါ့နော်၊ အရပ်သားတွေပေါ့" လို့ ပြောပါတယ်။
မတ် ၁၆ ရက်နေ့ မနက် ၇ နာရီကျော်ကလည်း ထီးချိုင့်မြို့နယ် အရှေ့ခြမ်း၊ အင်ဒေါင်းရွာအနီးမှာ နှစ်ဖက်တိုက်ပွဲကြောင့် စစ်အုပ်စုဘက်ကအယောက် ၂၀ လောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ၄ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
မောင်းကုန်းကျေးရွာနဲ့ နီကယ်စက်ရုံအကြား မိုင်းဆွဲခံရတာကြောင့် ထိခိုက်ကျဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။