ရခိုင်ပြည်နယ်ထဲက အမ်းမြို့နယ် အမှတ် ၃ ရပ်ကွက်မှာ မတ် ၂၀ ရက် နေ့လယ်ပိုင်းက စစ်ဘေးရှောင်အိမ်တချို့ အပါအဝင် လူနေအိမ် ၁၈ လုံး မီးလောင်သွားတယ်လို့ အမ်းမြို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီ မီးလောင်သွားတဲ့ နေအိမ် ၁၈ လုံးမှာ စစ်ဘေးရှောင် ၉ လုံးနဲ့ ဒေသခံအိမ် ၉ လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးကြွင်းမီးကျန်က စတင်ပြီးလောင်ကျွမ်းတာလို့ အမ်းမြို့နယ် မီးသတ်ဦးစီးဌာ တာဝန်ရှိသူက ပြောပါတယ်။
မီးလောင်ကျွမ်းမှုအချိန် ၁ နာရီခွဲကြာမြင့်ခဲ့ပြီး မီးစတင်လောင်ကျွမ်းသွားတဲ့ အိမ်ပိုင်ရှင်ကို ဥပဒေအရ အရေးယူဖို့ စိစစ်နေတယ်လို့လည်း ဆိုပါတယ်။
အိမ်မီးလောင်ကျွမ်းသွားတဲ့ မီးဘေးဒုက္ခသည် ၉၀ နီးပါးကို အမ်းမျိုးဆက်သစ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေပြီး လက်တလောမှာတော့ ဓမ္မာရုံတခုမှာ နေရာထိုင်ခင်းပြုလုပ်ပေးထားတယ်လို့ အမ်းမျိုးဆက်သစ်အဖွဲ့က ပြောပါတယ်။
အမ်းမြို့ပေါ်မှာ စစ်ဘေးရှောင်စခန်း ၂ ခုရှိပြီး တချို့ စစ်ဘေးရှောင်တွေက စစ်ဘေးရှောင်စခန်းမှာ မနေထိုင်ချင်တဲ့အတွက် အမ်းမြို့ပေါ်မှာ မြေကွက်တွေ ငှားရမ်းပြီး နေအိမ်တွေ ဆောက်လုပ် နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။