Live
Home
မြန်မာသတင်း
ပဲခူးရိုးမပေါ် သစ်ခိုးထုတ်သူများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နောက်ဆုံးအကြိမ် သတိပေး
DVB
·
March 16, 2022

ပဲခူးတိုင်း‌ဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ပဲခူးရိုးမပေါ် တရားမဝင် သစ်ခိုးထုတ်နေသူတွေကို မတ် ၁၆ ရက် ဒီကနေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၅၀၀ တပ်ရင်း ၁၊ တပ်ခွဲ ၃ (Y.P.D.F)၊ Sniper အဖွဲ့က နောက်ဆုံးအကြိမ် ထပ်မံသတိပေးလိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက်က ပဲခူးရိုးမပေါ် တရားမဝင် သစ်ခိုးထုတ်နေသူတွေကို မတ် ၁ ရက် နောက်ဆုံးထားပြီး ပစွည်းတွေ သယ်ယူထွက်ခွာသွားကြဖို့ အသိပေးထားပြီးဖြစ်ပေမယ့် စစ်ကောင်စီတပ်နဲ့ ရဲတွေက တာဝန်ယူပေးထားတဲ့အတွက် သစ်ခိုးထုတ်နေဆဲပါ။

တရားမဝင် သစ်ခိုးထုတ်နေသူတွေဟာ ပဲခူးရိုးမပေါ်ကနေ ကိုးပင်-သာဂရလမ်းမရှိ မြောင်သာလမ်း၊ ချောင်းမငယ်လမ်း၊ အုတ်တွင်းလမ်းတွေကနေ ထပ်မံသစ်ခိုးထုတ်နေတဲ့အတွက် မတ် ၃၁ ရက် နောက်ဆုံးထားပြီး အပြီးထွက်ခွာသွားကြဖို့ ထပ်မံအသိပေးလိုက်တာပါ။

ဆက်လက်ပြီး လိုက်နာမှုမရှိဘဲ ပဲခူးရိုးမထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတွေ အပါအဝင် ဘယ်သူ့ကိုမဆို ထိရောက်ပြတ်သားစွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။

ကိုးပင်ကျေးရွာဒေသခံတဦးက "သစ်ခိုးထုတ်တာကတော့ အခုနောက်ပိုင်း ပိုလုပ်လာကြတယ်။ လိုင်းကြေးပိုက်ဆံ ပေးထားတော့ တရားဝင်ပုံစံမျိုး ကားတွေ၊ ဆိုင်ကယ်တွေနဲ့ကို ပေါ်ပေါ်ထင်ထင် သယ်နေကြတာ။ လမ်းမှာ တပ်နဲ့ ရဲတွေလည်း ပိုက်ဆံပေးထားတော့ မမြင်ချင်ဟန်ဆောင်ပေးထားတယ်။ ကြာရင် သစ်တောပြုန်းတီးသွားနိုင်တယ်” လို့ ပြောပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ပဲခူးရိုးမတလျှောက်ကို မိဘပြည်သူတွေ အနေနဲ့ ရိုးမပေါ် ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ဖို့ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)၊ အမှတ် ၃၅၀၁ ဘုရင့်နောင်တပ်ရင်းက မတ် ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရိုးမတောင်ခြေက ကျေးရွာတွေမှာ အင်အားအလုံးအရင်းနဲ့ တပ်စွဲပြီး ပဲခူးရိုးမပေါ် အရပ်သားအသွင်ယူကာ ဆိုင်ကယ်၊ ဖောကားတွေ အသုံးပြုပြီး PDF သတင်းတွေကို လိုက်လံရယူနေတာကြောင့် မိုင်းဆွဲတာ၊ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024