Home
မြန်မာသတင်း
စစ်ကောင်စီတပ်၏ လူ့ခွင့်အရေးချိုးဖောက်မှုများတွင် ထိုင်း PTTEP ကုမ္ပဏီ ပါဝင်ပတ်သက်နေ
DVB
·
March 16, 2022

ထိုင်းနိုင်ငံပိုင် စွမ်းအင်လုပ်ငန်း PTTEP ဟာ  မြန်မာနိုင်ငံတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့   Thai Enquirer  သတင်းမှာ ရေးထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြင်သစ်ရဲ့ Total Energies ကုမ္ပဏီဟာ ဇန်နဝါရီလမှာ မြန်မာနိုင်ငံကနေ နုတ်ထွက်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှာ ရတနာဓာတ်ငွေ့တွင်း လည်ပတ်မှုကို ဇူလိုင်လကစလို့ ထိုင်းရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးက တာဝန်ယူ ဆောင်ရွက်မှာဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒါကြောင့် PTTEP ဟာ  ဇူလိုင်လ ၂၀ ရက်ကစပြီး မြန်မာ့ MGTC လုပ်ငန်းစုရဲ့ ရှယ်ယာ ၃၇ ဒသမ ၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားမှာဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရတနာလုပ်ကွက်ဟာ မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံလုံးရှိ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် သဘာဝဓာတ်ငွေ့ ပံ့ပိုးပေးနေတာ ဖြစ်ကြောင်းနဲ့ စွမ်းအင်လိုအပ်ချက်ကို အနှောင့်အယှက် မဖြစ်အောင် တားဆီးတာကို အရေးတကြီးထားကြောင်း သူတို့က ပြောပါတယ်။

တခြား လူ့အခွင့်အရေးကိစ္စတွေကိုတော့  PTTEP ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားခြင် မရှိပါဘူး။

ထိုင်းအစိုးရဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်း အာဏာကို ဆုပ်ကိုင်ထားဖို့အတွက် သူ့ပြည်သူတွေကို ထောင်နဲ့ချီ သတ်ဖြတ်ခဲ့တဲ့ မြန်မာစစ်တပ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်နေခြင်းသာ ဖြစ်ကြောင်းနဲ့ အခုတော့  ထိုင်းနိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာစစ်ဗိုလ်ချုပ်တွေအတွက် လိုလိုလားလား ငွေရှာပေးတာပဲဖြစ်ကြောင်း ဝေဖန်ထားပါတယ်။

တကယ်လို့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာ အစိုးရနဲ့ PTTEP တို့ဟာ လူ့အခွင့်အရေးကို တကယ်ပဲ အလေးအနက်ထားတယ်ဆိုရင် ရတနာလုပ်ကွက်ကနေ ထွက်ခွာဖို့ နည်းလမ်းတွေ ရှာဖွေပြီး သဘာဝဓာတ်ငွေ့အတွက် လျော်ကြေးပေးဖို့ တခြားနည်းလမ်းတွေကို ရှာဖွေကြမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုလုပ်ရမယ့်အစား သူတို့ဟာ ပထမအခွင့်အရေးကို အလုအယက် ရယူနေကြတယ်လို့လည်း ဆိုပါတယ်။

PTTEP ဟာ သူတို့လိုချင်သမျှ အကြောင်းပြချက်တွေကို ဆက်ဖော်ပြနိုင်ပြီး စွမ်းအင်ကို သာတူညီမျှ ရရှိရေးဟာ အခြေခံလူ့အခွင့်အရေး ဖြစ်တယ်ဆိုပြီး စာရွက်ပေါ်မှာ ကြားကောင်းရုံ ရေးထားတာ ဖြစ်နိုင်ပြီး အဓိကအချက်ကတော့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်သူတွေကို အားပေးအားမြှောက် လုပ်နေတာသာဖြစ်လို့ စက်ဆုပ်ရွံရှာဖွယ်သာ ဖြစ်ကြောင်း ဝေဖန်ထားတာ ဖြစ်ပါတယ်။

Total Energies ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကြိမ်ကြိမ် ပြင်းထန်စွာ ရှုတ်ချကြောင်း ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပြီး သူတို့ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက နိုင်ငံတွင်းဆောင်ရွက်ဆဲ  စီမံကိန်းအားလုံးကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

အာဏာသိမ်းကာလ ၁ နှစ်အကြာမှာ သူတို့ဟာ ရတနာလုပ်ကွက် အော်ပရေတာနဲ့ မြန်မာ့ MGTC လုပ်ငန်းစုရဲ့ အစုရှယ်ယာရှင် အဖြစ်ကနေ နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပြီး မြန်မာစစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းကို ရပ်တန့်ဖို့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးလိုက်တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024