ဧရာဝတီတိုင်း၊ အင်္ဂပူမြို့မှာ မတ် ၁၁ ရက်နေ့က ပျူစောထီးခေါင်းဆောင် လှိုင်ဝင်းအောင်ဆိုသူ အသတ်ခံရပြီးနောက်ပိုင်း ဒေသခံပြည်သူ ၅ ဦးကို စစ်ကောင်စီက စွပ်စွဲဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ပျူစောထီးခေါင်းဆောင် လှိုင်ဝင်းအောင် နေထိုင်တဲ့ ထန်းပင်ကုန်းကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေက သေနတ်နဲ့လာပစ်သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရောက်လာကာ မတ်လ ၁၁ ရက်နေ့မှာ အမျိုးသား ၂ ဦးကို ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
“ဖြစ်တဲ့နေ့က ၂ ယောက်ကို ဖမ်းသွားတာ၊ နောက်နေ့မှ ဈေးလာရောင်းတဲ့ကလေး ၃ ယောက်ကို ထပ်ဖမ်းသွားတာ။ အဓိက စစ်တာက မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်းစစ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ပျူစောထီးခေါင်းဆောင်အသတ်ခံရတဲ့နေ့မှာ စစ်ကောင်စီတပ်သားတွေ မနက်ပိုင်းရောက်လာပြီး ရွာထဲဝင်စီးကာ ဆဲဆိုကြိမ်းမောင်းပြီး သူတို့စိတ်ထဲရှိတဲ့သူတွေကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ပျူစောထီးခေါင်းဆောင်ကို သုတ်သင်ရှင်းလင်းတာဟာ စွန်ရဲနီ PDF တပ်ဖွဲ့က လုပ်တာလို့ ထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးနေတာလို့ သိရပါတယ်။