Home
ရင်ဖွင့်စာ/ပေးစာ
ထားဝယ်အကျဉ်းထောင်အတွင်းက တော်လှန်ရေးရဲဘော်များရဲ့ ပြည်သူလူထုထံပေးစာ
DVB
·
March 10, 2022

ပြည်သူများသို့
သို့ /
ကျွန်တော် ဤစာအား အကျဉ်းထောင်တစ်နေရာက ရေးလိုက်ခြင်းဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် "နွေဦးတော်လှန်ရေး" မှာ ရဲခွေး၊ စစ်ခွေးတွေရဲ့ ဖမ်းခြင်းခံလိုက်ရတဲ့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတို့ရဲ့ကိုယ်စား ရေးခြင်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီး ဒီနေ့ ၁ နှစ်ပြည့်သည့်နေ့အထိ တော်လှန်ရေးမှာ ကျဆုံးသွားသော ရဲဘော်များ၊ ပြည်သူတွေကို ရက်ရက်စက်စက် နှိပ်စက်ညှဉ်းပန်းခဲ့တာတွေကို တနေ့မှ မမေ့ခဲ့ပါဘူး။ ထောင်ထဲမှာနေရတဲ့ ကျွန်တော်တို့အားလုံး စိတ်ညစ်ကြတဲ့အခါတွေ ရှိပေမယ့်လည်း စိတ်ဓာတ်မကျပါဘူး။ ထောင်ဒဏ်က တစ်သက်ကျွန်း၊ သေဒဏ်၊ ထောင်ဒဏ် ၉ နှစ်၊ ၁၂ တွေဆိုတာ ကျွန်တော်တို့အားလုံးအတွက် မမှုပါဘူး။ ထောင်ကျခြင်းက ကျွန်တော်တို့အတွက် အဆုံးမဟုတ်သေးပါဘူး။ ကျွန်တော်တို့အားလုံးရဲ့ အပြစ်ဒဏ်တွေက အပြင်မှာရှိနေတဲ့ ခင်ဗျားတို့အားလုံးအပေါ်မှာ မူတည်ပါတယ်။ ခင်ဗျားတို့သာ သွေးအေးသွားမယ်၊ လက်လျော့သွားမယ်ဆိုရင် အထဲမှာ မျှော်လင့်ချက်၊ ယုံကြည်ချက်တွေနဲ့ အကျဉ်းထောင်ထဲက နေ့ရက်တွေကို ဖြတ်သန်းနေရတဲ့ ကျွန်တော်တို့ကို သတ်ပစ်လိုက်တာနဲ့ အတူတူပါပဲ။ "အဖမ်းခံရတဲ့ ညီအစ်ကိုတွေကို ငါတို့ချွေးနဲ့ ပြန်ကယ်စို့" ဆိုတဲ့ ကြွေးကြော်သံအတိုင်း ကြိုးစားကြပါ။ သွေးမအေးလိုက်ကြပါနဲ့။ စည်းလုံးကြပါ။ ဘာလုပ်ကြပါလို့ မဆိုလိုဘူး။ မိမိတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကြပါ။
ကျွန်တော်တို့ ဒီတိုက်ပွဲ နိုင်မှကိုရမှာပါ။ ပုံစံအမျိုးမျိုးနဲ့ သေသွားရတဲ့ ရဲဘော်တွေကို မမေ့ကြပါနဲ့။ ပုံစံအမျိုးမျိုးနဲ့ နှိပ်စက်ခဲ့တာတွေကိုလည်း မမေ့ကြပါနဲ့။ မြန်မာပြည်ရဲ့အာဏာဟာ မြန်မာပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိရမှာပါ။ ပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖျက်ဆီး၊ ပြည်သူရဲ့ အခွန်တွေကိုစား၊ ပြည်သူတွေကို အသုံးချပြီး အရာရှိတွေဖြစ်၊ ဗိုလ်ကြီးတွေဖြစ်၊ ပြည်သူ့ဝန်ထမ်းပါ၊ ပြည်သူ့ရဲတပ်ဖွဲ့ပါပြောပြီး ပြည်သူတွေကိုသတ်။ စဉ်းစားကြည့်ပါ။ ဘယ်သူတွေက ပိုငိုဖို့ကောင်းပါသလဲ။ ခေတ်အဆက်ဆက်မှာ အကျဉ်းထောင်ဆိုတာ နိုင်ငံရေးအကျဉ်းသားတွေကို ဘယ်တော့မှ လူလိုဆက်ဆံတဲ့နေရာ မဟုတ်ဘူး။ ဒီစကားဟာ ဒေါသထွက်လို့ ပြောတယ်ဆိုရင် ကျွန်တော်တို့ခံခဲ့ရတာနဲ့ နှိုင်းစာပြန်တော့လည်း ကျွန်တော်တို့ရဲ့ ဒေါသတွေက သဘာဝကျပါတယ်။
အချိန်တွေ ဘယ်လောက်ထိကြာသွားပါစေ၊ ကျွန်တော်တို့အားလုံး အာဏာရှင်ရဲ့ လက်ထဲမှာပဲ ရှိသေးတယ်ဆိုတာကို လုံးဝမမေ့ကြပါနဲ့။ အချိန်ကြာပြီဆိုပြီးလည်း လက်မလျှော့လိုက်ကြပါနဲ့။ ဘယ်လောက်ကြာကြာ ဒီတိုက်ပွဲကို နိုင်အောင်တိုက်ပေးကြပါ။ ထောင်ထဲရောက်နေလို့ သတင်းအစုံအလင် မသိရလို့ ဘယ်သူတွေ ဘာလုပ်နေတယ် ဆိုတာကို မသိပေမဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက ဒီနေ့အထိ အသက်ပေးပြီး တိုက်ပေးခဲ့ကြသူတွေရော၊ အလုပ်တွေမရပ်ဘဲ ဆက်လုပ်ပေးနေကြသူ အားလုံးကို ကျွန်တော်တို့ အမြဲတမ်း ကျေးဇူးတင်နေပြီး အမြဲတမ်း ဆုတောင်းပေးနေပါတယ်။ ကျွန်တော်တို့အားလုံးလည်း အားတင်းထားသလို အပြင်မှာရှိနေတဲ့ ပြည်သူတွေလည်း အားတင်းထားပေးကြပါ။ စည်းလုံးပေးကြပါ။ ပြည်ထောင်စုနေ့မှာ တိုင်းရင်းသားဝတ်စုံတွေဝတ်ပြီး ဓာတ်ပုံရိုက်ပြနေရုံနဲ့ မရဘူးဆိုတာ ကျွန်တော်တို့အားလုံး သိပြီးသားပါ။ စိတ်ဝမ်းမကွဲကြဘဲ ဘုံရန်သူကိုလည်း မမေ့ကြပါနဲ့။ အသက်ပေးသွားရတဲ့လူတွေအတွက် အလကားမဖြစ်အောင် ဒီအရေးတော်ပုံ အောင်မှဖြစ်မှာပါ။ ကိုယ့်တိုင်းပြည်သာ တကယ်ကောင်းမယ်ဆိုရင် ထောင်ကျရတာ တန်သလို၊ အသက်ပေးရတာလည်း တန်ပါတယ်။ ကျွန်တော်တို့အားလုံးလည်း နောက်ဆုံး နိုင်ကျဉ်းမျိုးဆက်ဖြစ်ပါစေ။ ဒီဆုတောင်းလည်းပြည့်ပါစေလို့ပြောရင်း ဒီစာကို အဆုံးသတ်လိုက်ပါတယ်။
အရေးတော်ပုံ အောင်ကိုအောင်ရမည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024