ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာ မတ် ၇ ရက် ညပိုင်းက စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်တို့က စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဆားမှော် ဒေသခံတဦးက “စစ်ယာဉ်တန်းက ည ၇ နာရီလောက် တောင်နီကျေးရွာနားမှာ မိုင်းဆွဲခံရတယ်။ ယာဉ်တန်းကတော့ ၈ စီးနဲ့ ၁၀ စီးလောက်ရှိမယ်။ မိုင်းဆွဲခံရပြီးတော့ နှစ်ဘက်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်သေးတယ်။ တိုက်ပွဲက သိပ်တော့မကြာလှပါဘူး” လို့ ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရအပြီး တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် နှစ်ဘက် အထိအခိုက် အကျအဆုံးကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ကချင်ပြည်နယ်အတွင်း မြို့နယ်တချို့မှာ စစ်ကောင်စီက အင်အားတိုးချဲ့နေပြီး မတ် ၇ ရက်နေ့က မိုးညှင်းမြို့နယ်အတွင်းမှာ စစ်ကောင်စီယာဉ်တန်းကို KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ တိုက်ပွဲပြင်းထန်ခဲ့ပါသေးတယ်။