Home
မြန်မာသတင်း
စစ်ကောင်စီဩဇာခံ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအတွက် ဝန်ထမ်းခေါ်ယူနေ
DVB
·
March 9, 2022

ပညာရေးနဲ့ ကျန်းမာရေးဌာနတွေ အပါအဝင် အကြမ်းဖက်စစ်ကောင်စီ ဩဇာခံ ဝန်ကြီးဌာနနဲ့ အဖွဲ့အစည်း ၁၄ ခုမှာ လစ်လပ်နေတဲ့ ရာထူးနေရာတွေအတွက် လျှောက်လွှာတွေ ခေါ်ယူနေပါတယ်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေး ဝန်ကြီးဌာန၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနဲ့ နည်းပညာ ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနဲ့ ဗဟိုဘဏ် စတဲ့ဌာန အဖွဲ့အစည်းတွေအောက်က ရာထူးတွေ အသီးသီး ပါဝင်နေပါတယ်။
လတ်တလောမှာတော့ စစ်တပ် မတရားအာဏာသိမ်းယူထားတဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အစောပိုင်းကတည်းက အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွေမှာ ပါဝင်ခဲ့ကြတဲ့ ပြည်သူ့ဘက်တော်သား နိုင်ငံ့ဝန်ထမ်းတွေဟာလည်း ကြံ့ကြံ့ခံကာ အမှန်တရားဘက်က တသားတည်း ရပ်တည်နေကြဆဲ ဖြစ်ပါတယ်။
သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနအောက်က CDM အရာရှိတယောက်ကတော့ “စကစရဲ့ ယန္တရားက အစကတည်းက ပျက်စီးနှင့်ပြီးသား။ ဝန်ကြီးဌာနပေါင်းစုံမှာ ထပ်ပြီးတော့ ခေါ်မဆုံးပဲ ဖြစ်မှာပဲ။ ကျမတို့ဌာနဆို အစပိုင်းမှာ CDM လုပ်တဲ့ဦးရေက ရာနှုန်းပြည့်နီးပါး ရှိတယ်။ ဒါပေမဲ့ တချို့ ပြန်ဝင်ကြသူတွေ ရှိလာတယ်။ အနည်းစုပါပဲ။ ဒါကတော့ တချိန်မှာ အမှန်တရားဘက်မှာ မရပ်ခဲ့ရင် ပြည်သူပေးတဲ့ ပြစ်ဒဏ် ခံယူရမှာပဲလို့ ကျမထင်တယ်။ ခုချိန်ထိလည်း ကျမလုပ်ခဲ့တာတွေအတွက် နောင်တမရပါဘူး” လို့ ပြောပါတယ်။
လတ်တလော ခေါ်ယူထားတဲ့ ရာထူးနေရာတွေထဲမှာတော့ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာန အောက်က နည်းပညာ၊ သက်မွေးပညာနဲ့ လေ့ကျင့်ရေးဦးစီးဌာနမှာ လစ်လပ်နေတဲ့ လက်ထောက်ကထိကရာထူး ရာနဲ့ချီ ပါဝင်နေသလို တခြားဌာနတွေ အသီးသီးမှာ လစ်လပ်မှုတွေ အများကြီး ရှိနေတာဟာ CDM လှုပ်ရှားမှုရဲ့ အောင်မြင်မှုတစိတ်တပိုင်း ဖြစ်တယ်လို့ သူက ပြောပါတယ်။
တချိန်တည်းမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်ကောင်စီ လက်ကိုင်တုတ် အကျင့်ပျက်ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်း ထုတ်ပယ်တာတွေ အချိန်နဲ့ တပြေးညီ ထုတ်ပြန်နေတာဖြစ်ပြီး CDM ဝန်ထမ်းတွေအပေါ် ကျူးလွန်မှုတွေကို စာသက်သေ၊ အသံဖိုင်သက်သေ စတဲ့ သက်သေခံချက်တွေ စုဆောင်းပြီး ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေ ကျခံစေဖို့ တရားစွဲဆို အရေးယူနိုင်ရေး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအလိုက် ပြည်သူ့ဘက်တော်သား CDM နိုင်ငံ့ဝန်ထမ်းတွေရဲ့ စားဝတ်နေမှု ထောက်ပံ့ကူညီရေးတွေကိုပါ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024