ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ ဦးကို မတ်လ ၂ ရက်နေ့မှာ စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ကိုအောင်အောင်ဦးတို့ကို စစ်ကောင်စီက ပုသိမ်အကျဉ်းထောင် တရားရုံးမှာ ထောင် ၂ နှစ်စီ ချမှတ်ခဲ့တာလို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦးက “ကိုယ်စားလှယ် ၂ ယောက်ပါတယ်၊ ၂ ယောက်လုံးက သာပေါင်းက ကိုယ်စားလှယ်တွေ။ ပြီးတော့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၄ ဦး ပါသေးတယ်၊ အဲ့ထဲမှာ အမျိုးသမီး ၁ ဦးပါတယ်။ အားလုံး ၂ နှစ်စီ ချမှတ်ခံရတာ” လို့ ပြောပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ ဦးကို စစ်ကောင်စီက သဘာဝဘေးဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် မတ်လ ၃၀ ရက်နေ့က လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၆ ဦး ပုသိမ်မြို့မှာ လာရောက်တိမ်းရှောင်နေစဉ် စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ၁ နှစ်ပြည့်ကာနီးမှာ ခုလို ပြစ်ဒဏ်အသီးသီး ချမှတ်လိုက်တာပါ။